နောက်ဆုံးသတင်း/ဆောင်းပါးများ

စ.ရ.ဖ သတင်းပေးများက စ.ရ.ဖ အဖွဲ့အမည်သုံးပြီး ရွာသားများထံမှ ငွေသိန်းချီညှစ်

Rohingya Eye
RB News
7.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာမှ စ.ရ.ဖ သတင်းပေးများက စ.ရ.ဖ အဖွဲ့အမည် အသုံးပြု၍ ဒေသခံ ရွာသားများထံမှ ငွေသိန်းချီ ညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူကျေးရွာအုပ်စု၊ ရွာကြီးရွာမှ ဦးရော်ဖိခ် (ဘ) ဦးဟာဘီရာမာန် (အသက် ၄၇ နှစ်) နှင့် ဦးကေဖာယာတ်အူလ္လာ (အသက် ၂၇ နှစ်) တို့နှစ်ဦးသည် အလယ်သံကျော်ကျေးရွာ အခြေစိုက် စ.ရ.ဖ အဖွဲ့၏ သတင်းပေးများ ဖြစ်ကြပြီး၊ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် အဆိုပါ ရွာကြီးရွာမှ ဦးအစ္စလာမ် (ဘ) ဦးအော်လီအာမတ် (အသက် ၅၀ နှစ်) ကို အလယ်သံကျော် စ.ရ.ဖ အဖွဲ့မှ ဆင့်ခေါ်သည်ဟု ပြောဆိုခဲ့သည်။ ၎င်းတို့က အကယ်၍ မသွားလိုလျှင် ငွေကျပ် သိန်း ၅၀ ပေးရမည်ဟု ဆိုကာ ငွေကျပ် သိန်း ၅၀ တောင်းခံခဲ့သည်။ ဦးအစ္စလာမ်က အကြောင်းမဲ့ ဖမ်းဆီးခံရပြီး ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခံရမည်ကို စိုးရိမ်၍ ငွေကျပ် သိန်း ၃၀ ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ ၎င်းအား မသင်္ကာဖွယ်ရာလူများကို ထောက်ပံ့ပေးနသည်ဟု လုပ်ကြံစွပ်စွဲ၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။ 

စ.ရ.ဖ သတင်းပေး နှစ်ဦးသည် ယင်းရွာမှ ရှော်ကော်သ်အူလ္လာ (ဘ) ဦးမော်နီအူလ္လာ (အသက် ၂၁ နှစ်) က တဖက်နိုင်ငံမှ ဆင်းမ်ကဒ်သုံးစွဲနေသည်ဟု ကျောက်ပန္ဒူကျေးရွာ အခြေစိုက် စစ်တပ်စခန်းသို့ လုပ်ကြံ သတင်းပို့ခဲ့ရာ စစ်သားများက ရှော်ကော်သ်အူလ္လာ ကို ဖမ်းဆီး၍ ငွေကျပ် ၂၁ သိန်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့သည်။ 

အလားတူ ၎င်းတို့နှစ်ဦးသည် ဦးနူရ်ကာမာလ် (ဘ) ဦးမာမတ်နော်ဘီ (အသက် ၂၈ နှစ်) ထံမှ ငွေကျပ် သိန်း ၂၀၊ ဦးဆော်နာမူလ္လာ (ဘ) ဦးအစ္စမိုင်လ် (အသက် ၆၀ နှစ်) ထံမှ ငွေကျပ် ၁၅ သိန်း ကို စ.ရ.ဖ အဖွဲ့၏ အမည်များ သုံး၍ လုပ်ကြံစွပ်စွဲမှုများ ပြုလုပ်ပြီး ငွေညှစ်ခဲ့သည်။ 

“ရော်ဖိခ်ဆိုတဲ့လူက အရင်က ဘာမှမရှိဘူး။ အခုတော့ သူဆောက်နေတဲ့အိမ်က တော်တော်ကြီးတယ်။ ဒီငွေတွေ ဘယ်ကရလာလဲ၊ ရွာသားတွေကို မတော်မတရားလုပ်ပြီးတော့ ငွေရှာပြီး ရနေတာပါ။ ရွာမှာ အဆိုးဆုံး လူဖြစ်နေတဲ့ အတွက် သက်ဆိုင်ရာက စီစစ်ပြီး အရေးယူပေးဖို့ တောင်းဆိုပါတယ်” ဟု ဒေသခံလူကြီး တစ်ဦးက ပြောပါသည်။ 




Comment ရေးရန်

Rohingya Exodus