နောက်ဆုံးသတင်း/ဆောင်းပါးများ

ကင်းလှည့်သည့် စစ်သားများကို ရွာသားများက ထမင်းကျွေးရသည့် အပြင် ဘီယာ၊ ဖုန်းငွေဖြည့်ကဒ်များပါ ပေးနေရ

MYARF
RB News
13.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကျေးရွာများသို့ စစ်သားများ ၀င်ရောက်ပြီး ကင်းလှည့်နေသည်ဟု ဆိုကာ ဒေသခံ ရွာသားများကို ထမင်းကျွေးခိုင်းသည့် အပြင်၊ ဘီယာ၊ ဖုန်းငွေဖြည့်ကဒ်များပင် အတင်းအဓမ္မ ယူနေကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း၊ လောင်းဒုံကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာအုပ်စုနှင့် အောင်စစ်ပြင်ကျေးရွာအုပ်စုများတွင် တာဝန်ကျ လှုပ်ရှားလျက်ရှိသည့် စစ်သား (၃၅) ဦး ပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် ကျေးရွာအုပ်စုတစ်စုစီတွင် နှစ်ရက်ကြာစီ နေထိုင်၍ ကင်းလှည့်လျက်ရှိပြီး၊ အဆိုပါ စစ်သားများ စားသောက်ရန် အတွက် ကျေးရွာမှ တာဝန်ယူရကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

စစ်သားများသည် ကျေးရွာတစ်ရွာသို့ ရောက်သည်နှင့် ဆယ်အိမ်မှူးများ၊ ရာအိမ်မှူးများ၊ တာဝန်ခံ၊ အုပ်ချုပ်ရေးမှူး စသည်တို့မှ တစ်ဦးဦးကိုခေါ်၍ အစားအသောက်များ တောင်းကြသည်။ အကယ်၍ အစားအသောက် မကျွေးပါက နေအိမ်များထဲသို့ ကိုယ်တိုင်ဝင်ရောက်၍ ယူမည်၊ တစ်ရွာလုံး မီးရှို့ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်သဖြင့် ရွာသားများက ကြောက်ရွံ၍ ကိုယ်တိုင်စားသောက်ရန် အခက်အခဲကြုံနေရသည့်ကြားက ဆင်းရဲချမ်းသာမရွေး နေအိမ်တိုင်းမှ ငွေကျပ်တစ်ထောင်စီ ကောက်ခံ၍ စစ်သားများကို ထမင်းကျွေးနေရကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဆင်သေပြင် ကျေးရွာသို့ ဇန်န၀ါရီလ (၈) ရက်နေ့က တစ်ကြိမ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် တစ်ကြိမ် စစ်သားများ ရောက်ရှိလာခဲ့ရာ ထမင်း ၄ ကြိမ်ကျွေးရာတွင် ငွေကျပ် နှစ်သိန်းခွဲခန့် ကုန်ကျခဲ့သည်။ ထမင်းအပြင် ဘီယာတစ်ဖာနှင့် ဖုံးငွေဖြည့်ကဒ်များလည်း ပေးရသည်ဟု ဒေသခံများက ပြောပါသည်။ 

အာဏာပိုင်များက ဒေသခံရိုဟင်ဂျာများကို သွားလာခွင့် ပိတ်ပင်ထားသဖြင့် အလုပ်လက်မဲ့ ဖြစ်နေရသည့် အချိန်တွင် စားဝတ်နေရေး ခက်ခဲလျက်ရှိနေစဉ် စစ်သားများကို တစ်ပတ်နှစ်ကြိမ် ထမင်းကျွေးနေရသည်မှာ ကြီးစွာသော ၀န်ထုပ်ဝန်ပိုး ဖြစ်သည်ဟု ဆိုသည်။

ဆင်သေပြင်ကျေးရွာသားများ အခက်အခဲ ကြုံတွေ့လျက်ရှိသလို အခြားသောရွာများတွင်လည်း အလားတူ အခက်အခဲကြုံတွေ့လျက်ရှိကြောင်း သိရှိရသည်။ 



Comment ရေးရန်

Rohingya Exodus