နောက်ဆုံးသတင်း/ဆောင်းပါးများ

အစိုးရကော်မရှင်နှင့် စစ်တပ် ကော်မရှင်တို့က မုဒိမ်းမှုများနှင့် လူသတ်မှုများကို မှတ်တမ်းပင် မတင်ဟု ဒေသခံများပြော

Rohingya Eye
RB News
18.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာအချို့သို့ အစိုးရ ကော်မရှင်နှင့် စစ်တပ်ကော်မရှင်များ ကွင်းဆင်း၍ မေးမြန်းလျက်ရှိသော်လည်း မုဒိမ်းမှုနှင့် လူသတ်မှုများကို မှတ်တမ်းပင် မတင်ကြကြောင်း သတင်းရရှိပါသည်။ 

ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ဒု-သမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ကော်မရှင်အဖွဲ့သည် နေ့လည် ၁၂ နာရီခန့်အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရကျေးရွာသို့ သွားရောက်ရန်ရှိသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးဇော်ဇော်က ထိခိုက်နစ်နာ ဆုံးရှုံးခဲ့သူများအား တစ်နေရာတွင် စုဝေးကြရန် မှာကြားခဲ့သည်။ ထို့ကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးသူများ အားလုံး အိမ်တစ်လုံးတွင် စုဝေးခဲ့ကြသည်။ အဆိုပါအိမ်ကို နယ်ခြားစောင့်ရဲများ လာရောက်၍ ၀ိုင်းရံပိတ်ဆို့လိုက်သဖြင့် ကော်မရှင်အဖွဲ့ လာရောက်ချိန်တွင် တွေ့ဆုံနိုင်ခဲ့ခြင်း မရှိသလို၊ ကော်မရှင်အဖွဲ့ကလည်း ထိခိုက်နစ်နာ ဆုံးရှုံးခဲ့သူများနှင့် တွေ့ဆုံရန် ကြိုးစားခဲ့ခြင်း မရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ကော်မရှင်အဖွဲ့နှင့် တွေ့ဆုံနိုင်ခဲ့သည့် ဒေသခံအချို့က ၎င်းတို့၏ ထိခိုက်နစ်နာ ဆုံးရှုံးခဲ့မှုများကို တင်ပြခဲ့သော်လည်း ကော်မရှင်အဖွဲ့က ငါးခူရကင်းစခန်းကို တိုက်ခိုက်သူများအား သိသလားဟု မေးမြန်းခဲ့သည်။ ကော်မရှင်အဖွဲ့က ဒေသခံများက ၎င်းတို့အနေဖြင့် တိုက်ခိုက်သူများကို မသိကြောင်း ဖြေဆိုခဲ့ရာ၊ ကော်မရှင်အဖွဲ့ ၎င်းတို့၏ ပြောဆိုချက်များကို လက်မခံနိုင်ဟု ပြန်လည် တုံ့ပြန်ပြောဆိုခဲ့ကြောင်း သိရှိရသည်။ 

နေ့လည် ၃ နာရီခွဲ အချိန်တွင် ဦးရှည်ကျကျေးရွာသို့ သွားရောက်၍ ကျေးရွာတာဝန်ခံဖြစ်သူ ဦးအာဘူကာလာမ်နှင့် ဒေသခံအချို့ကို ယင်းကျေးရွာရှိ အစိုးရကျောင်းတွင် တွေ့ဆုံခဲ့သည်။ ဦးမာမတ်ဆလာမ် (ဘ) ဦးနူရ်ကော်ရီးမ် (အသက် ၄၅ နှစ်) က ၎င်း၏ ဇနီးသည်ကို စစ်သားများက မုဒိမ်းကျင့်ခဲ့ကြောင်း တင်ပြရာ ကော်မရှင်အဖွဲ့က အမျိုးသမီးကို ခေါ်ယူလာရန် ပြောဆိုခဲ့သည်။ ဦးမာမတ်ဆလာမ်က ၎င်း၏ ဇနီးကို ခေါ်ယူရန် သွားနေစဉ် ကော်မရှင်အဖွဲ့ မစောင့်ဆိုင်းဘဲ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ကော်မရှင်အဖွဲ့သည် ယင်းကျေးရွာတွင် နာရီဝက်ခန့်သာ နေခဲ့သဖြင့် မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများက ကော်မရှင်အဖွဲ့နှင့် တွေ့ဆုံခွင့် မရခဲ့ကြောင်း သိရှိရသည်။ 

ဦးရှည်ကျကျေးရွာသို့ နံနက် ၈ နာရီအချိန်တွင် ငါးခူရ ကျေးရွာအခြေစိုက် ကျန်းမာရေးမှူး ဦးဆောင်သော ဆေးကုသရေးအဖွဲ့ ရောက်ရှိလာပြီး၊ အမျိုးသမီးအချို့နှင့် ကလေးငယ်အချို့ကို ကော်မရှင်အဖွဲ့ လာရောက်သည့် အချိန်ထိ ဆေးကုသပေးခဲ့ကြောင်း၊ ထိုကဲ့သို့ ဆေးကုသမှုများ ယခင်က မရှိခဲ့ကြောင်း၊ ကော်မရှင်အဖွဲ့ လာရောက်သည့် အချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် လာရောက် ဆေးကုသပေး၍ သရုပ်ပြပုံစံသာ ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။ 

ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဖွဲ့စည်းခဲ့သည့် ဒု-ဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့သည် မောင်တောမြို့နယ် မြောက်ပိုင်း ဒိုးတန်းကျေးရွာသို့ သွားရောက်၍ ရွာသားအချို့ကို စစ်ဆေးမေးမြန်းခဲ့ရာ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးတစ်ဦးက ၎င်းအား စစ်သားများက မုဒိမ်းကျင့်ခဲ့ခြင်းကို အသေးစိတ် တင်ပြခဲ့သလို၊ အီနုစ် (ဘ) ဦးအာဘူအာလာမ် (အသက် ၁၇ နှစ်) သည် စစ်သားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရခြင်းကို မိသားစုများက တင်ပြခဲ့သော်လည်း ကော်မရှင်အဖွဲ့က မှတ်တမ်းတင်ခြင်း မရှိခဲ့ကြောင်း၊ အခြားလုယက်မှုများ၊ ရိုက်နှက်မှုများကို တင်ပြလျှင် ကော်မရှင်အဖွဲ့က မှတ်တမ်းတင်သော်လည်း မုဒိမ်းမှုနှင့် လူသတ်မှုများကို မှတ်တမ်းမတင်ကြောင်း စစ်ဆေးမေးမြန်းခံရသူ တစ်ဦးထံမှ သိရှိရသည်။ 

ဒိုးတန်းကျေးရွာတွင် ရွာသားနှစ်ဦး ပစ်သတ်ခံခဲ့ရပြီး၊ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးနှင့် မိန်းကလေးနှစ်ဦး မုဒိမ်းကျင့်ခံခဲ့ရကြောင်း ဒေသခံများက ပြောပါသည်။ 



Comment ရေးရန်

Rohingya Exodus