နောက်ဆုံးသတင်း/ဆောင်းပါးများ

သက္ကေပြင်ဒုက္ခသည်စခန်းသို့ ဒု-သမ္မတ ဦးမြင့်ဆွေ ရောက်စဉ် ရိုဟင်ဂျာလူငယ်တစ်ဦးက စားပွဲဝိုင်း၌ ရိုဟင်ဂျာသမိုင်း ဆွေးနွေး အဖြေထုတ်ရန် အကြံပေး

Saed Arkani
RB News
22.2.2017


စစ်တွေ ။ ။ ဖေဖော်ဝါရီလ (၁၇) ရက်နေ့ နေ့လည် ၃ နာရီအချိန်တွင် ဒု-သမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် သက္ကေပြင် ဒုက္ခသည် စခန်းသို့ သွားရောက်၍ ရိုဟင်ဂျာ ဒုက္ခသည်များနှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

“ဦးမြင့်ဆွေက ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အတွက် ဘယ်လို ဆောင်ရွက်သင့်လဲ ဆိုတာကို ပြောသွားတယ်။ သူက “ခင်ဗျားတို့ ကျွန်တော် ပြောနေတဲ့ ဘာသာစကားကို နားလည်လား” ဆိုပြီး စပြောတယ်၊ အဲဒါကလည်း ရိုဟင်ဂျာတွေက ပညာအရည်အချင်း နိမ့်တယ်လို့ ပြောချင်တဲ့ သဘောမျိုးနဲ့ ပြောသွားတာပါ။ ပြီးတော့ “ခင်ဗျားတို့ ဒီဒုက္ခသည်စခန်းတွေမှာ အေးအေးဆေးဆေး နေလို့ရတယ်၊ ခင်ဗျားတို့အတွက် ကျွန်တော်တို့ အစိုးရဖက်က နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေး အဆောက်အဦတွေ ဆောက်ပေးသွားမှာပါ။ အဲဒါကြောင့် ပြည်ပအားကိုး ပုဆိန်ရိုး ဆိုသလို ပြည်ပက အော်သံတွေ နားမထောင်မိစေဖို့၊ မလိုက်နာမိစေဖို့ အရေးကြီးပါတယ်၊ မိမိနေထိုင်တဲ့ နိုင်ငံအစိုးရရဲ့ အမိန့်အာဏာကို လိုက်နာဖို့ လိုပါတယ်။ ခင်ဗျားတို့ NVC ကို လက်ခံလိုက်ပါ။ NVC နဲ့ အသွားအလာ လုပ်လို့ရမှာပါ။ အဲဒါကြောင့် ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အဓိက သော့ချက်က NVC လက်ခံခြင်းသာ ဖြစ်တယ်။ မောင်တောမှာလည်း ကျွန်တော်တို့ရဲ့ ဆောင်ရွက်မှုကြောင့် အခြေအနေ တည်ငြိမ်လာပါပြီ၊ ညမထွက်ရ အမိန့်ကိုလည်း အဲဒီဒေသမှာ လျှော့ချလိုက်ပါပြီ” လို့ ပြောတယ်” ဟု စစ်တွေမြို့မှ ဒုက္ခသည် တစ်ဦးက ပြောပါသည်။ 

ရိုဟင်ဂျာဒုက္ခသည်များဖက်မှ ရိုဟင်ဂျာလူငယ်တစ်ဦးက ထ၍ “သမ္မတကြီးနဲ့ ကျွန်တော် လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ရပါမလား” ဟု တောင်းဆိုရာ ဒု-သမ္မတ ဦးမြင့်ဆွေမှ ခွင့်ပြုချက် ပေးခဲ့သည်။

ရိုဟင်ဂျာလူငယ်က “ကျွန်တော်တို့ မြန်မာနိုင်ငံက ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်နေတဲ့ နိုင်ငံတစ်နိုင်ငံလို့ ပြောဆိုပေမယ့် ဒီမိုကရေစီ စနစ်အတိုင်း အုပ်ချုပ်မှု မရှိဘူး။ NLD က အာဏာရပါတီ ဖြစ်နေပေမယ့်လည်း ဘာသြဇာ အာဏာမှ မရှိပါဘူး။ ဒီမိုကရေစီကျကျ လုပ်ကိုင်လာတာနဲ့ အမျိုးမျိုးသော အဟန့်အတားတွေ ပေါ်လာတယ်။ မွတ်စလင်အရေး ဆောင်ရွက်လာရင် ၀ီရသူ၊ မ.ဘ.သ ၉၆၉ တွေ လမ်းမပေါ်ထွက်ပြီး မွတ်စလင် မုန်းတီးရေးတွေ ၀ါဒဖြန့်ကြပါတယ်။ ဒါပေမယ့် အဲဒီလူတွေကို ဖမ်းဆီး အရေးယူတာ မရှိပါဘူး။ တရားဥပဒေ မှေးမှိန်နေသလို ဖြစ်နေပါတယ်။ ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာကရော ပြည်တွင်းကပါ ပြည်သူပြည်သား အားလုံး တရားခံကို ဖော်ထုတ်ပေးဖို့ အစိုးရကို တောင်းဆိုနေတယ်။ ဒါပေမယ့် တရားခံဖော်ထုတ်ဖို့ အတွက် အစိုးရက အဓိက အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ကျွန်တော်တို့ ရိုဟင်ဂျာအရေးကို ဆောင်ရွက်လာရင် ရခိုင်အစွန်းရောက်တွေက ကျွန်တော်တို့ ဒီနိုင်ငံမှာ မွေးဖွားလာတာ မဟုတ်ဘဲ၊ တစ်ဖက်နိုင်ငံက ခိုးဝင်လာသူတွေသာ ဖြစ်ပြီး၊ တိုင်းရင်းသား နိုင်ငံသား အဖြစ် လက်မခံရဘူးလို့ ထအော်ပါတယ်။ 

ဒါပေမယ့် ကျွန်တော်တို့ ရိုဟင်ဂျာတွေက ရှေးနှစ်ပေါင်းများစွာ ကတည်းက ဒီနိုင်ငံမှာ နေထိုင်လာကြတဲ့ တိုင်းရင်းသား နိုင်ငံသားတွေ ဖြစ်ကြောင်း သမိုင်းဆိုင်ရာ အထောက်အထားတွေ အများကြီး ရှိပါတယ်။ အဲဒါကြောင့် ကျွန်တော့် အနေနဲ့ သမ္မတကြီးကို အကြံပေးချင်တာက စားပွဲဝိုင်းတစ်ခုမှာ ရခိုင်နဲ့ ရိုဟင်ဂျာ နှစ်ဖက်စလုံးက သမိုင်းဆရာတွေ ဖိတ်ခေါ်ပြီး UN နဲ့ နိုင်ငံတကာ ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာ မီဒီယာတွေ ရှေ့မှာ သမိုင်းအထောက်အထားနဲ့ တကွ ဖော်ထုတ်ကြပါ။ အကယ်၍ အဲဒီ စားပွဲဝိုင်းမှာ ကျွန်တော်တို့ ရိုဟင်ဂျာတွေဘက်က ဒီမြေဒီနေရာမှာ ရှေးနှစ်ပေါင်းများစွာ ကတည်းက နေထိုင်လာတဲ့ တိုင်းရင်းသား နိုင်ငံသား ဖြစ်ကြောင်း မဖော်ထုတ်နိုင်ဘူး ဆိုရင် ကျွန်တော်တို့ဟာ ခိုးဝင်လာသူများလို့ သတ်မှတ်ခံယူမှာ ဖြစ်ပါတယ်။ အကယ်၍ ဖော်ထုတ်နိုင်ရင် ကျွန်တော်တို့ကို ကျွန်တော်တို့ ရသင့်ရထိုက်တဲ့ အခွင့်အရေး ပေးရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က NVC နဲ့ ဘာမှ သက်ဆိုင်မှု မရှိပါဘူး။ လက်ခံနိုင်စရာ အကြောင်းလည်း မရှိဘူး” ဟု တင်ပြ ပြောဆိုခဲ့သည်။ 

ဒု-သမ္မတ ဦးမြင့်ဆွေက ပြန်လည် မပြောဆိုခဲ့သော်လည်း ကိုယ်စားလှယ် အဖွဲ့မှ တစ်ဦးက “ခင်ဗျား ပြောနေတာက နိုင်ငံရေးနဲ့ ဆိုင်သွားပြီ။ ကျွန်တော်တို့က ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ လာတာပါ။ ကျေးဇူးပြုပြီး အဲဒါတွေ မပြောပါနဲ့” ဟု တားမြစ်ခဲ့ကြောင်း သိရှိရသည်။ 

ရိုဟင်ဂျာလူငယ်က ဗမာဘာသာစကားဖြင့် တိုက်ရိုက်ပြောဆိုခဲ့ခြင်း ဖြစ်ပြီး၊ စကားပြန်မှ တဆင့် ပြောဆိုခဲ့ခြင်း မဟုတ်ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ တစ်ဦးက ပြောပါသည်။ 

ဒု-သမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် နေ့လည် ၃း၄၀ နာရီ အချိန်တွင် သက္ကေပြင်ဒုက္ခသည်စခန်းမှ ပြန်လည် ထွက်ခွာသွားခဲ့သည်။ 




Comment ရေးရန်

Rohingya Exodus