နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒု-ဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်သော ကော်မရှင် အဖွဲ့က အမှန်အတိုင်း ဖြေကြားသူများကို ဆဲဆို ရိုက်နှက် ခြိမ်းခြောက်

MYARF
RB News
17.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဖွဲ့စည်းပေးလိုက်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ရောက်ရှိနေပြီး၊ ဖြစ်စဉ် အမှန် ပြောသူများကို ဆဲဆို ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဖေဖော်ဝါရီလ (၁၆) ရက်နေ့ နံနက် (၇) နာရီ အချိန်တွင် ကြိမ်ချောင်း၊ လောင်းဒုံ၊ စံပယ်ကုံး၊ အောင်စစ်ပြင်၊ ရေတွင်းပြင် စသည့် ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး များကို ကြိမ်ချောင်း အထက်တန်းကျောင်းသို့ ဆင့်ခေါ်၍ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်သည့် စစ်တပ် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့က တွေ့ဆုံပြီး အစည်းအဝေး ပြုလုပ်ခဲ့သည်။ 

“ဒု-ဗိုလ်ချုပ်ကြီးအေးဝင်းက ခင်ဗျားတို့ ကျေးရွာတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူ့အခွင့်အရေး ချိုးဖောက်တာ၊ သောင်းကျန်းနှိပ်စက်တာတွေ ရှိခဲ့လား၊ ရှိရင် ပွင့်ပွင့်လင်းလင်းပြောပါ၊ ဘယ်သူ့ကိုမှ ကြောက်စရာလိုဘူးလို့ ပြောတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

“တိုင်းမှူး၊ ဗျူဟာမှူး စတဲ့ အရာရှိကြီးတွေက ကြိမ်ချောင်းဈေးကို သွားပြီး၊ ဒီဒေသမှာ ဆူပူသောင်းကျန်းမှုတွေ ဖြစ်ခဲ့လား၊ အခုရော အနှောက်အယှက်တွေ ရှိလား၊ စားဝတ်နေရေးရော ဘယ်လိုလဲ အဆင်ပြေရဲ့လားလို့ မေးတယ်။ ဒေသခံတွေက သူတို့မေးတာကို အရေးမစိုက်ပါဘူး။ သူတို့ဘာသာ သူတို့ပြောသွားခဲ့ကြတာ” ဟု ၎င်းက ဆက်လက်ပြောပါသည်။

နေ့လည် ၂ နာရီအချိန်တွင် လောင်းဒုံကျေးရွာအုပ်ချုပ်ရေးမှူးသည် လောင်းဒုံကျေးရွာအုပ်စု၊ စေတီပြင်ရွာသို့ ရောက်ရှိလာပြီး လူကြီးလာရောက်ရန် ရှိသည်ဟု ဆိုကာ ရွာသားအချို့ကို စေတီပြင်ကျောင်း၌ စုထားခဲ့သည်။ ထို့နောက် တိုင်းမှူးနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုကွပ်ကဲရေးမှူးနှင့် နယ်ခြားစောင့်ရဲ အချို့သည် ကားနှစ်စီးဖြင့် စေတီပြင်ကျောင်းသို့ ရောက်ရှိလာပြီး၊ စေတီပြင်ရွာတွင် စစ်သားများ၏ ရိုက်နှက်မှုကြောင့် ဦးခေါင်းကွဲသွားသူ ဦးအာမီးရ်ဟူစိန်းနှင့် ကော်ရီမူလ္လာ (ဘ) ဦးဟိုင်ရုလ်အာမီးန် (အသက် ၁၅ နှစ်) တို့ကို မေးမြန်းခဲ့သည်။ 

ဦးအာမီးရ်ဟူစိန်းကို မေးမြန်းရာ ၎င်းက ညအချိန်တွင် စစ်သားများက ၎င်း၏ အိမ်နှင့်ကပ်လျက်ရှိသည့် အိမ်ထဲသို့ ၀င်လာသဖြင့် ယင်းအိမ်ရှိ မိန်းကလေးနှစ်ဦးသည် ၎င်း၏ အိမ်သို့ ပြေးလာ၍ ခိုလှုံခဲ့ကြောင်း၊ စစ်သားများက ၎င်း၏အိမ်သို့ မိန်းကလေးနှစ်ဦး ၀င်လာသည်ကို မြင်၍ တံခါးကို ရိုက်ချိုး၍ ၀င်ရောက်လာပြီး မိန်းကလေးများကို ဆွဲနေသဖြင့် ၀င်ရောက်ဟန့်တားသည်ကို စစ်သားတစ်ဦးက မိုးပေါ်သို့ သေနတ်တစ်ချက် ပစ်ဖောက်၍ ခြိမ်းခြောက်ခဲ့ကြောင်း၊ အခြားစစ်သားတစ်ဦးက ၎င်းအား သေနတ်ဖြင့် ရိုက်နှက်ခဲ့သဖြင့် ဦးခေါင်းကွဲခဲ့ရခြင်း ဖြစ်ကြောင်း ဖြေကြားခဲ့သည်။ 

ကော်ရီမူလ္လာကို မေးမြန်းရာ ၎င်း၏ စက်ဘီးကို န.တ.လ ရွာသားတစ်ဦးက ၎င်း၏ အိမ်မှာ လုယက်ယူဆောင်သွားခဲ့သည်ဟု ဖြေကြားခဲ့သည်။ 

ထို့နောက် ၎င်းတို့နှစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးကို ကားပေါ်တင်၍ ကြိမ်ချောင်း အထက်တန်းကျောင်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ကျောင်းသို့ရောက်သောအခါ ဒု-ဗိုလ်ချုပ်ကြီးအေးဝင်းက ၎င်းတို့နှစ်ဦးကို မေးမြန်းရာ တိုင်းမှူးနှင့်ဗျူဟာမှူးတို့ ဖြေကြားခဲ့သည့် အတိုင်း ဖြေကြားခဲ့သည်။ 

၎င်းတို့နှစ်ဦးအား တပ်ရင်မှူးက ဒု-ဗိုလ်ချုပ်ကြီးအေးဝင်း၏ ရှေ့မှောက်တွင်ပင် “မအေလိုးကုလား” ဟု ဆဲဆိုခဲ့သည့်အပြင် အမျိုးမျိုးခြိမ်းခြောက်ခဲ့သည်။ ထိုသို့ဆဲဆိုခြင်းကို ဒု-ဗိုလ်ချုပ်ကြီးအေးဝင်းက ဟန့်တားခြင်း လုံးဝမရှိခဲ့ကြောင်း သိရှိရသည်။ 

ထို့နောက် တိုင်းမှူးက ဦးအာမီးရ်ဟူစိန်းကို မိမိဘာသာ မိမိ တံခါးဘောင်နှင့် တိုက်မိ၍ ခေါင်းကွဲခဲ့သည်ဟု ပြောခိုင်းခဲ့သည်။ 

ကော်ရီမူလ္လာက ၎င်း၏ စက်ဘီးကို န.တ.လ ရွာသား လုယက်ခဲ့ကြောင်း ပြောပြရာ ဒု-ဗိုလ်ချုပ်ကြီးအေးဝင်းက “န.တ.လ ရွာသား လုယူခဲ့တာ မင်းဘယ်လိုသိလဲ” ဟု မေးမြန်းရာတွင် ၎င်းက နောက်တစ်နေ့တွင် စေတီပြင် န.တ.လ ရွာသားတစ်ဦးက ၎င်း၏ စက်ဘီးကို စီးနေသည်ကို ၎င်းကိုယ်တိုင် မြင်တွေ့ခဲ့ကြောင်း ပြောပြခဲ့သည်။ ထို့နောက် ဒု-ဗိုလ်ချုပ်ကြီးအေးဝင်းက “မင်း အဲဒီစက်ဘီးကို ဘယ်တုန်းက ၀ယ်ခဲ့တာလဲ၊ ဘယ်ဆိုင်က ၀ယ်ခဲ့တာလဲ၊ စက်ဘီးဝယ်တုန်းက မင်းနဲ့အတူ ဘယ်သူရှိခဲ့လဲ၊ ငွေဘယ်လောက် ပေးခဲ့လဲ၊ ဘောက်ချာရှိလား” ဟု ဆိုကာ မေးခွန်းပေါင်းများစွာ ထုတ်ခဲ့သည်။ 

ဒု-ဗိုလ်ချုပ်ကြီးအေးဝင်းက ဆင်သေပြင်ရွာမှ ဦးဂူရာမီယာ (ဘ) ဦးအာရှောရောဖ်အလီ (အသက် ၆၅ နှစ်) ကို “စစ်သားတွေက ဆင်သေပြင်ရွာမှာ သေနတ်ဘယ်နှစ်ချက် ပစ်ဖောက်ခဲ့လဲ” ဟုမေးမြန်းရာ ၎င်းက အချက် ၃၀ ကျော် ပစ်ဖောက်ခဲ့သည်ဟု ဖြေကြားခဲ့သည်။ ထိုစဉ် တပ်ရင်းမှူးက ၎င်းကို နောက်ကျောဘက်မှ လက်သီးဖြင့် ထိုးရာ ထိုနေရာတွင်ပင် လဲကျသွားခဲ့သည်။ 

စေတီပြင်ရွာမှ ဦးဆုလ်တာန် (ဘ) ဦးအာဘူ (အသက် ၅၁ နှစ်) ကိုခေါ်၍ “စေတီပြင်ရွာမှ ဘယ်လိုဖြစ်တာလဲ၊ ခင်ဗျားဘာတွေသိလဲ” ဟုမေးမြန်းရာ ဦးနူရ်ဘော်ရှော်ရ် ဆိုသူကို စစ်သားများက ဖမ်းဆီးခေါ်ဆောင် သွားသည်ကို သိကြောင်း ပြေပြရာ ဒု-ဗိုလ်ချုပ်ကြီးအေးဝင်းက “သူက သောင်းကျန်းသူ လူဆိုးဖြစ်လို့ ဖမ်းသွားတာဋ္ဌ ဟု ပြန်ဖြေသဖြင့် ဦးဆုလ်တာန်က “မဟုတ်ဘူး။ ဦးနူရ်ဘော်ရှော်ရ်က လူကောင်းတစ်ယောက်ဖြစ်တယ်” ဟု ပြန်ပြောသဖြင့် ၎င်းကိုလည်း ဆဲဆို၍ ခြိမ်းခြောက်ခဲ့သည်။ 

ယင်းနေ့တွင်တွင် ဒု-သမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော မောင်တော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့သည် ကြက်ရိုးပြင် ကျေးရွာသို့ သွားရောက်ခဲ့သည်။ ရွာသားများက စစ်သားများက သေနတ်၊ ဓါးများဖြင့် သတ်ပစ်ပြီး အစုလိုက်အပြုံလိုက် မြှပ်နှံထားခဲ့သည့် နေရာတစ်ခုကို တူး၍ အရိုးများကို ပြသခဲ့သည်။ နောက်ကျင်းတစ်ခုတွင် အမျိုးသမီး (၃) ဦးကို မြှပ်နှံထားခဲ့သည်ကိုလည်း ပြသခဲ့သည်။ 

မောင်တောမြို့နယ်တွင် နယ်မြေရှင်းလင်းရေးကို ရပ်တန့်လိုက်ပြီဟု အစိုးရကြေညာလိုက်သော်လည်း နေရာအနှံ့တွင် ယခုထိ စစ်သားများ ရှိနေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 




Comment ရေးရန်

Rohingya Exodus