နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျီးကန်းပြင် အလယ်ရွာမှ ဒေသခံများကို ရွာထဲသို့ ခေတ္တ၀င်ခွင့်ပြုသည်ဟု ခွင့်ပြုချက် ပေးပြီးနောက် နေအိမ်တစ်လုံး မီးရှို့ခံရ

Rohingya Eye
RB News
17.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင်ကျေးရွာအုပ်စု အလယ်ရွာမှ ဒေသခံရိုဟင်ဂျာများကို ရွာထဲသို့ ခေတ္တ၀င်ခွင့်ပြုသည်ဟု ခွင့်ပြုချက် ပေးပြီးနောက် ယင်းရွာမှ နေအိမ်တစ်လုံးကို န.တ.လ ရွာသားများက မီးရှို့လိုက်ကြောင်း သတင်းရရှိပါသည်။

ယနေ့ ဖေဖော်ဝါရီလ (၁၇) ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ကျီးကန်းပြင်ကျေးရွာအုပ်စုရှိ ဂေါက်ကွင်း နားနေဆောင်သို့ ကျီးကန်းပြင်အလယ်ရွာနှင့် ၀ါးပိတ်ရွာမှ ဒေသခံရိုဟင်ဂျာများ၊ ကျေးရွာတာဝန်ခံများ၊ ရာအိမ်မှူးများနှင့် ဆယ်အိမ်မှူးများကို ဆင့်ခေါ်၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က ရွာထဲသို့ ခေတ္တ၀င်ခွင့်ပြုသည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

“ရဲမှူးချုပ်သူရစန်းလွင်က သူ့အနေနဲ့ ဘာသာရေးအရ နှိပ်ကွပ်တာမျိုး မလုပ်ဘူးဆိုတာ စစ်တွေက လူတွေကို မေးကြည့်လို့ရတယ်ဆိုပြီး ပြောတယ်။ သူစစ်တွေမှာ တာဝန်ကျစဉ်အချိန်က အစ္စလာမ်ဘာသာဝင်တွေနဲ့ ပူးပေါင်းပြီး နေခဲ့တယ်၊ အခု အလယ်ရွာက လူတွေကို မောင်းထုတ်တာလည်း နယ်ခြားစောင့်ရဲစခန်းတွေ တိုက်ခိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး လုပ်ရတာ လို့ပြောတယ်။” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

အလယ်ရွာနှင့် ၀ါးပိတ်ရွာတို့မှ ဒေသခံများနှင့် အစည်းအဝေးကို ညနေ ၄း၃၀ နာရီ အချိန်တွင် အဆုံးသတ်ခဲ့ပြီး၊ ရဲမှူးချုပ်သူရစန်းလွင်က ခေတ္တ၀င်ခွင့်ပေးခြင်းသည်ဟု ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း၊ ဆယ်အိမ်မှူးများ ရွေးချယ်ထားရန်၊ ရပ်မိရပ်ဖ (၃) ဦး ရွေးချယ်ထားရန်နှင့် အကြမ်းဖက်သမားများ ရောက်ရှိလာပါက ဆယ်အိမ်မှူးများက ရပ်မိရပ်ဖ (၃) ဦးကို အကြောင်းကြားရန်၊ ရပ်မိရပ်ဖ (၃) ဦးက နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ အကြောင်းကြားရန်နှင့် ရွာထဲတွင် အကြမ်းဖက်သမားနှင့် ၎င်းတို့၏ မိသားစုများ နေခွင့်မပေးနိုင်ဟု မှာကြားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

ရဲမှူးချုပ်သူရစန်းလွင်က အလယ်ရွာတွင် အကြမ်းဖက်သမားများကို နေရာပေးမည်ဆိုပါက ၀ါးပိတ်ရွာကို မြေလှန်လိုက်သကဲ့သို့ မြေလှန်ပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်။

အလယ်ရွာမှ ဒေသခံ ရိုဟင်ဂျာများကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၂၃) ရက်နေ့တွင် ရဲမှူးချုပ်သူရစန်းလွင်က နိုင်ငံတော်၏ အမိန့်အရဟု ဆိုကာ မောင်းထုတ်ခဲ့ပြီးနောက် ရွာအတွင်းရှိ နေအိမ်များမှ ပရိဘောဂများ၊ အိမ်အသုံးအဆောင် ပစ္စည်းများ အပြင် နေအိမ်များ ခေါင်မိုးများ၊ အိမ်တိုင်များကိုပါ အောင်ဇေယျနှင့် အောင်သာယာတို့မှ န.တ.လ ရွာသားများက သယ်ဆောင်သွားခဲ့သည်။

နေအိမ်အများစုမှာ ပျက်စီးလျက်ရှိပြီး၊ ရဲမှူးချုပ်သူရစန်းလွင်က ယနေ့ကျင်းပသည့် အစည်းအဝေးတွင် နေအိမ်များကို ပြုပြင်ရန် ခွင့်ပြုချက်ပေးသော်လည်း အသစ်ဆောက်လုပ်မည်ဆိုပါက လုံးဝ ခွင့်မပြုနိုင်ဟု ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့တွင် ကုလသမဂ္ဂ ဌာနကိုယ်စားလှယ်နှင့် သံတမန်များ သွားရောက်၍ ဒေသခံများနှင့် တွေ့ဆုံခဲ့စဉ် အလယ်ရွာမှ ဦးဆော်လီမူလ္လာ (ဘ) ဦးအဒူဂဖူရ်၊ ၀ါးပိတ်ရွာမှ ဆရာဦးရှော်ဖီရောန်နှင့် ဦးဟာဆူး တို့က သံတမန်များနှင့် စကားပြောခဲ့သည်။ ယခုအခါ အဆိုပါ (၃) ဦးကို ရဲမှူးချုပ်သူရစန်းလွင်က အကြမ်းဖက်သမားများနှင့် အဆက်အသွယ်ရှိသူများဟု သတ်မှတ်လိုက်ပြီး၊ ၎င်းတို့ကို တွေ့ရှိပါက ဖမ်းဆီးမည်ဟု ပြောကြားခဲ့သည်။

ဦးဆော်လီမူလ္လာသည် ပညာအရည်အချင်း နည်းပါးသူတစ်ဦးဖြစ်ပြီး၊ စားကုန်ဆိုင်တစ်ဆိုင်ဖြင့် စီးပွားရေး စတင်ခဲ့ပြီး ယခုနောက်ဆုံးတွင် ဆိုင်ကယ်အပိုပစ္စည်းရောင်းချခဲ့သူဖြစ်သည်။ ကျီးကန်းပြင် ကျေးရွာအုပ်စုတွင် ဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့သူမှာ ဦးဆော်လီမူလ္လာ ဖြစ်ပြီး၊ ၎င်း၏ စီးပွားရေးလုပ်ငန်းမှ လွဲ၍ အခြားမည်သည့် အရေးကိုမှစိတ်ဝင်စားသူ မဟုတ်ကြောင်း ဒေသခံများက ပြောပါသည်။ အလားတူ ဆရာရှော်ဖီရောန်နှင့် ဦးဟာဆူး တို့သည်လည်း အေးချမ်းစွာနေထိုင်သူများ ဖြစ်သည်။ ၎င်းတို့အား အကြမ်းဖက်သမားများနှင့် ဆက်သွယ်နေသည်ဟု စွပ်စွဲခြင်းမှာ သံတမန်များနှင့် စကားပြောခဲ့သည်ကို အငြိုးထား၍ လုပ်ကြံစွပ်စွဲပြီး ဖမ်းဆီးရန် ကြံရွယ်နေခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

ဝါးပိတ်ကျေးရွာတွင် ၀ါးပိတ်ပင်မနှင့် အိုလူဂူနားဟူ၍ ရွာငယ်နှစ်ခုရှိပြီး၊ အိုလူဂူနား၏ တောင်ဘက်ရှိ တောင်ပေါ်တွင် ရိုဟင်ဂျာအိမ် (၁၄) အိမ်ခန့်ရှိသည်။ ယခုအခါ အဆိုပါ အိမ်များကို ဖျက်ပေးရမည်ဟု အမိန့်ထုတ်ပြန်လိုက်ပြီး၊ ၎င်းတို့အား သင့်တော်သည့် နေရာတွင် မြေနေရာပြန်ချထားပေးမည်ဟု သိရှိရသည်။ အိမ်ဆောက်ရန် မတတ်နိုင်သူများအား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဖြိုးထွန်းထံ စာရင်းပေးရန်၊ အုပ်ချုပ်ရေးမှူးက မြို့နယ် အုပ်ချုပ်ရေးမှူးထံ တင်ပြရန်၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက အိမ်ဆောက်ရန် လိုအပ်သည်များကို ပံ့ပိုးပေးမည်ဟု ရဲမှူးချုပ်သူရစန်းလွင်က ပြောကြားခဲ့သည်။

အစည်းအဝေး အပြီးတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ G-2 နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့သည် ၀ါးပိတ်ရွာသားများနှင့်အတူ အဆိုပါ တောင်ပေါ်ရှိ နေအိမ်များကို သွားရောက်၍ ကြည့်ရှုခဲ့သည်။ နေအိမ်များ ကြည့်ရှု၍ အပြန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဖြိုးထွန်းက ရိုဟင်ဂျာများကို ၀ါးပိတ် ပင်မရွာသို့ ၀င်ခွင့်မပြုရန် G-2 ကိုတင်ပြခဲ့ရာ၊ G-2 နောက်တစ်နေ့တွင် အဆိုပါ ကိစ္စကို ဆွေးနွေးမည်ဟု ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

အလယ်ရွာမှ ဒေသခံ ရွာသားများကို ရွာထဲသို့ ၀င်ခွင့်ပြုပြီး နှစ်နာရီကျော်အကြာ ည ၆း၄၅ နာရီအချိန်တွင် အလယ်ရွာမှ ဦးဟူဆောင်း (ဘ) ဦးအဒူကရီးမ်၏ နေအိမ်ကို အောင်ဇေယျ န.တ.လ ရွာမှ ဦးထွန်းကြည် (ဘ) ဦးသိန်းမောင် အပါအ၀င် န.တ.လ ရွာသား (၄) ဦးက မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံများက RB News သို့ပြောသည်။

“ကျွန်တော်တို့ ရွာထဲကို ၀င်တော့ ည ၆ နာရီ အချိန်မှာ ရွာလမ်းဘေးမှာရှိတဲ့ ကန်နားက ဆိုင်နားမှာ အဲဒီ န.တ.လ ရွာသားတွေ ထိုင်နေတာ တွေ့တယ်။ ပြီးတော့ ကျွန်တော်တို့ မီးလောင်တာ စမြင်တော့ ဦးထွန်းကြည် အပါအ၀င် ၄ ယောက် ဆိုင်ကယ်နဲ့ ထွက်သွားတာ မြင်လိုက်တယ်။ အရင်ကလည်း ရွာထဲက အိမ်တွေကို အဲဒီလူတွေပဲ မီးရှို့ခဲ့တာ” ဟု မျက်မြင်သက်သေ တစ်ဦးက ပြောပါသည်။

အလယ်ရွာမှ ဦးဟူဆောင်း၏ နေအိမ် မီးလောင်နေသည်ကို အဝေးမှ မြင်တွေ့ရပုံ



Comment ရေးရန်

Rohingya Exodus