နောက်ဆုံးသတင်း/ဆောင်းပါးများ

စံပယ်ကုံးနှင့် လောင်းဒုံရွာသားများက တောတောင်များထဲသို့ သွားရောက်၍ ထင်းခုတ်၊ သစ်ခုတ် လုပ်ရန် ခွင့်ပြုချက်တောင်းသော်လည်း မရ

MYARF
RB News
6.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း စံပယ်ကုံးနဲ့ လောင်းဒုံ ကျေးရွာများတွင် တပ်ရင်း ၅၃၆ မှ တပ်ရင်းမှူးက ရွာသားများနှင့် အစည်းအဝေးများ ပြုလုပ်ခဲ့ပြီး၊ ရွာသားများက တောတောင်များထဲသို့ သွားရောက်၍ ထင်းခုတ်ခြင်း လုပ်ကိုင်ရန် ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း တပ်ရင်းမှူးက စစ်ကြောင်းများက ပစ်ခတ်မည်ဖြစ်သောကြောင့် ခွင့်မပြုခြင်း ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ဖေဖော်ဝါရီလ (၃) ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် တပ်ရင်း ၅၃၆ မှ တပ်ရင်းမှူးနှင့် အဖွဲ့သည့် စံပယ်ကုံးကျေးရွာသို့ ရောက်ရှိလာပြီး ရွာသားများကို ကျောင်းသို့ ဆင့်ခေါ်ကာ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။ စံပယ်ကုံးကျေးရွာတွင် ကျင်းပသည့် အစည်းအဝေးသည် နံနက် ၁၀း၃၀ နာရီ အချိန်တွင် ပြီးဆုံးခဲ့ပြီး နံနက် ၁၁ နာရီအချိန်တွင် လောင်းဒုံကျေးရွာ၊ ဆင်သေပြင်ကျေးရွာသို့ သွားရောက်၍ ရွာသားများကို ကျောင်းသို့ ဆင့်ခေါ်၍ အစည်းအဝေး ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် တပ်ရင်း ၅၃၆ မှ တပ်ရင်းမှူးက “အောက်တိုဘာလ ၉ ရက်နေ့ တိုက်ခိုက်မှုက ဘယ်သူတွေရဲ့ လက်ချက်လဲဆိုတာ သိကြလား၊ အဲဒီလူတွေကို မြင်ဖူးလား” ဟု မေးမြန်းခဲ့ရာ ရွာသားများက လူတစ်စုက ပြုလုပ်ခဲ့သည်ဟု ကြားကြောင်း၊ သို့သော်လည်း မည်သူမည်ဝါဆိုသည်ကို မသိကြောင်း ဖြေဆိုခဲ့သည်။ ထို့နောက် တပ်ရင်းမှူးက “ဒီတိုက်ခိုက်မှုကို ဘင်္ဂလားဒေ့ရှ်က လူတစ်စုနဲ့ ဒီကဒေသခံလူတွေ ပူးပေါင်းလုပ်ခဲ့တာ၊ သူတို့က ချက်ချင်းလာလုပ်တာ မဟုတ်ဘူး၊ ရှစ်လလောက်ထိ အချိန်ဆွဲပြီး လုပ်တာကို ခင်ဗျားတို့ ဘာကြောင့်မသိတာလဲ၊ ခင်ဗျားတို့ရွာတွေမှာ လူကောင်းတွေရှိသလို လူဆိုးတွေလည်း ရှိတယ်။ အဲဒီ လူဆိုးအနည်းငယ်ကြောင့် တစ်ရွာလုံး ဒုက္ခခံနေရတာ၊ စစ်တပ်က လူဆိုးတွေကို ဖမ်းဖို့ ရွာထဲဝင်လာရင် ခင်ဗျားတို့ တစ်ရွာလုံး ထွက်ပြေးကြတယ်။ ရွာသားတွေက စစ်တပ်နဲ့ ပူးပေါင်းမှု မရှိရင် လူဆိုးလူကောင်း ခွဲရခက်တယ်၊ အဲဒါကြောင့် လူကောင်းတွေပါ ဒုက္ခရောက်နေကြတယ်။ ရွာထဲမှာ မြေတူးထားတဲ့ အမှတ်အသားတွေ တွေ့ရင် လက်နက်တွေ ၀ှက်ထားတာလားဆိုပြီး သံသယနဲ့ တူးကြည့်ရင် ရွာသားတွေဝှက်ထားတဲ့ အ၀တ်အစားတွေ၊ အိမ်သုံးပစ္စည်းတွေသာ တွေ့ရတယ်။ စစ်တပ်ပြန်သွားရင် အဲဒီပစ္စည်းတွေကို အခြားလူတွေက လုသွားတယ်။ ခင်ဗျားတို့က စစ်တပ်က လုသွားတယ်လို့ ခင်ဗျားတို့လူတွေကိုပြော၊ မီဒီယာတွေကိုပြော၊ ဖေ့စ်ဘုတ်ပေါ်တင်၊ အဲဒီလိုနဲ့ စစ်တပ်ကို အပြစ်တင်ကြတယ်။ အဲဒီလို မလုပ်ကြနဲ့၊ စစ်တပ်နဲ့ ပူးပေါင်းမှသာ ခင်ဗျားတို့ အေးချမ်းစွာ နေနိုင်မယ်၊ ခင်ဗျားတို့က လူဆိုးတွေကို ဖမ်းပေးလို့မရဘူး။ ဖမ်းပေးရင် ခင်ဗျားတို့ကို သတ်ပစ်တယ်၊ ဖမ်းခေါ်သွားတယ်။ အဲဒါငါတို့သိတယ်၊ အခုအဲလို လုပ်လို့မရဘူး။ လူဆိုးတွေ ရောက်လာရင် သူတို့နဲ့လည်း ခင်ခင်မင်ခင်နေရမယ်၊ သူတို့မသိအောင် စစ်တပ်ကို သတင်းပို့ရမယ်” ဟု ပြောကြားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ထို့နောက် တပ်ရင်းမှူးက “ခင်ဗျားတို့ထဲမှာ စစ်တပ်နဲ့ ပူးပေါင်းမယ့်သူတွေ ရှိလား” ဟု မေးမြန်းရာ ရွာသားများက ပူးပေါင်းမည် ဖြစ်ကြောင်း ဖြေကြားခဲ့သည်။ ထိုသို့ ပြောဆိုပြီးနောက် တပ်ရင်းမှူးက ရွာသားများကို မေးမြန်းစရာရှိလျှင် မေးမြန်းပါဟု ပြောဆိုရာ ရွာသားများက ၎င်းတို့အနေဖြင့် တောတောင်များကို မှီခိုနေရသည့် ဆင်းရဲသားများဖြစ်ကြောင်း၊ တောတောင်များသို့ သွား၍ မရတော့သဖြင့် စားဝတ်နေရေး အလွန်ခက်ခဲလျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အား တောတောင်သို့ သွားရောက် အလုပ်လုပ်ခွင့်ပေးရန် ပန်ကြားခဲ့သည်။

တပ်ရင်းမှူးက “ခင်ဗျားတို့ တောတောင်ထဲသွားပြီး ချုံပုတ်ထဲမှာ ထင်းခုတ်မယ်၊ သစ်ခုတ်မယ်၊ စစ်ကြောင်းတွေ ၀င်လာရင် တောထဲမှာ မြင်တာနဲ့ ပစ်သတ်မယ်၊ ခင်ဗျားတို့ သေရမယ်၊ အဲဒါကြောင့် တောတောင်ထဲ သွားဖို့ ခွင့်မပြုတာပါ” ဟု ပြန်လည် ဖြေကြားခဲ့သည်။




Comment ရေးရန်

Rohingya Exodus