နောက်ဆုံးသတင်း/ဆောင်းပါးများ

ကိုးတန်ကောက်မှ ဆိုင်ကယ် (၄) စီး လုယက်ခံရသူများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က လျော်ကြေး ၆ သိန်းသာ ပေးသဖြင့် လက်မခံ

Rohingya Eye
RB News
13.2.2017

ရသေ့တောင် ။ ။ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဖွဲ့စည်းပေးလိုက်သည့် စုံစမ်းရေး စစ်ဆေးရေး ကော်မရှင်က နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ လုယက်ခဲ့သည့် ဆိုင်ကယ်များ တန်ဖိုးကို ပေးလျော်ပေးလိမ့်မည်ဟု ပြောဆိုခဲ့သော်လည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဆိုင်ကယ် (၄) စီးအတွက် ငွေကျပ် ၆ သိန်းသာ ပေးသဖြင့် လက်ခံမယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဖွဲ့စည်းပေးလိုက်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့သည် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ရသေ့တောင်မြို့နယ် ကိုးတန်းကောက်ကျေးရွာအုပ်စု၊ ဒူးမ်ဆိတ်ရွာသို့ သွားရောက်ပြီး အဖွဲ့ (၃) ဖွဲ့ခွဲကာ ရွာသူရွာသားများနှင့် သီးခြားတွေ့ဆုံခဲ့သည်။ ရွာသူရွာသားများက နစ်နာဆုံးရှုံးမှုများကို ပွင့်ပွင့်လင်းလင်း တင်ပြခဲ့ပြီး၊ ယခင်က နယ်ခြားစောင့်ရဲများက ဒူးမ်ဆိတ်ရွာမှ ရွာသား (၄) ဦး၏ ဆိုင်ကယ် (၄) စီးကို လုယက်ယူဆောင်သွားသည်ကို တင်ပြခဲ့ရာ၊ ကော်မရှင်အဖွဲ့က သက်ဆိုင်ရာ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ လျော်ကြေးပေးလိမ့်မည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။ 

ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ဒူးမ်ဆိတ်ရွာမှ ရပ်မိရပ်ဖ (၁၀) ဦးကို ဆိုင်ကယ်များ အတွက် နစ်နာကြေး ယူရန်အတွက်ဟု ဆိုကာ ကိုးတန်ကောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသို့ နေ့လည် ၂ နာရီ အချိန်တွင် ဆင့်ခေါ်ခဲ့သည်။ အဆိုပါ ရပ်မိရပ်ဖ (၁၀) ဦး ကင်းစခန်းသို့ ရောက်သောအခါ ကင်းစခန်း တာဝန်ခံက အမျိုးမျိုး ခြိမ်းခြောက်ပြီး နှစ်နာရီကြာ ထိပ်တုံးခတ်ထားခဲ့သည်။ ထို့နောက် ဆိုင်ကယ် (၄) စီးအတွက် နစ်နာကြေး ငွေကျပ် (၆) သိန်း ပေး၍ အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းသော်လည်း ရပ်မိရပ်ဖများက လက်မခံခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

“တဖက်က ကော်မရှင်က နစ်နာကြေး ပေးဖို့ပြောတယ်။ ဒါပေမယ့် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ခြိမ်းခြောက်နေတယ်။ ဆိုင်ကယ် ၄ စီးရဲ့ တန်ဖိုးက သိန်း ၂၀ ကျော်ရှိတယ်။ သူတို့ ပေးနေတာက ၆ သိန်း၊ နစ်နာကြေးပေးနေတာလား၊ အခွင့်အာဏာကို အလွဲသုံးစား လုပ်နေတာလားလို့ မေးခွန်းထုတ်ချင်တယ်” ဟု ရွာလူကြီးတစ်ဦးက ပြောပါသည်။ 

လုယက်ခံရသည့် ဆိုင်ကယ်ပိုင်ရှင်များမှာ --

(၁) ဇီယာဘူလ်ဟောက် (ဘ) ဦးမာမတ် (အသက် ၂၅ နှစ်)
(၂) ဇီယာဘူရာမန် (ဘ) ဦးမာမတ် (အသက် ၂၈ နှစ်)
(၃) မော်လ၀ီဇူဘိရ် (ဘ) ဦးအာဇီးမ်အာမတ် (အသက် ၂၈ နှစ်)
(၄) မော်လ၀ီဇူဘိုရ် (ဘ) ဦးဇာဖောရ်ဟူစိန်း (အသက် ၂၁ နှစ်) -- တို့ဖြစ်ကြသည်။ 



Comment ရေးရန်

Rohingya Exodus