မြင်းလွတ်မှ နယ်ခြားစောင့်ရဲများက သက္ကယ်ခုတ်နေသူများကို ဖမ်းဆီး၍ ငွေအစား ကြက်များနှင့် အရက်ပုလင်းများ အတင်းအဓမ္မ ပေးခိုင်း
Rohingya Eye
RB News
28.2.2017
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ်မြို့နယ်ခွဲမှ နယ်ခြားစောင့်ရဲများသည် သက္ကယ်ခုတ်နေသည့် ရွာသား (၆) ဦးကို ဖမ်းဆီး၍ ငွေအစား ကြက်များနှင့် အရက်ပုလင်းများ ညှစ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။
ဖေဖော်ဝါရီလ (၂၇) ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း၊ မြင်းလွတ်မြို့နယ်ခွဲ ဟော်ရော်သိလ္လာရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ရွာ၏အရှေ့ဘက်ရှိ တောင်တန်းအနီးမှ သက္ကယ်ခုတ်ယူနေသည့် ရွာသား (၆) ဦးကို ဖမ်းဆီး၍ ကင်းစခန်းသို့ ခေါ်ဆောင်သွားပြီး၊ အထောက်အထား တစ်စုံတစ်ရာမပါဟု စွပ်စွဲ၍ ငွေအစား ကြက်တစ်ကောင်စီနှင့် အရက်တစ်ပုလင်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
ကြက်တစ်ကောင်၏ တန်ဖိုးမှာ ငွေကျပ် တစ်သောင်းရှိပြီး၊ အရက်တစ်ပုလင်း တန်ဖိုးမှာ ငွေကျပ် တစ်ထောင်ရှိသောကြောင့် တစ်ဦးလျှင် ငွေကျပ် တစ်သောင်းတစ်ထောင်စီ ဆုံးရှုံးခဲ့ရသည်။
(၁) ဦးရော်ဟီးမူလ္လာ (ဘ) ဦးရှာကဲရ်အာမတ် (အသက် ၅၀ နှစ်)
(၂) အဒူလ်ဟာဖီးဇ် (ဘ) ဦးရော်ဟီးမူလ္လာ (အသက် ၁၈ နှစ်)
(၃) မာမတ်တော်ယူဖ် (ဘ) ဦးအာမီးရ်ဟမ်ဇား (အသက် ၂၀ နှစ်)
(၄) မာမတ်ဇူဘိုင်ရ် (ဘ) ဦးအာမီးရ်ဟမ်ဇား (အသက် ၁၇ နှစ်)
(၅) မာမတ်ရော်ဟီးမ် (ဘ) ဦးအာမီးရ်ဟမ်ဇား (အသက် ၁၂ နှစ်)
(၆) ဦးအာဘူလ်ဟူဆောင်း (ဘ) ဦးလဲထား (အသက် ၃၅ နှစ်) -- တို့ဖြစ်ကြသည်။
“ဒီလူတွေက ဆင်းရဲတယ်။ အလုပ်လည်း မရှိတော့ သက္ကယ်တွေကို ခုတ်ယူတာ အပြစ်လား၊ ရွာနဲ့ကပ်လျက်နေရာကို ထောက်ခံစာမပါဘဲ သွားတယ်ဆိုပြီး ငွေညှစ်တာက တော်တော် မတရားလုပ်နေတာဘဲ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။