နောက်ဆုံးသတင်း/ဆောင်းပါးများ

တပ်ရင်း ၅၃၅ မှ စစ်သားများက ဒေသခံတစ်ဦး၏ ဆိတ်တစ်ကောင်ကို ၎င်းတို့၏ ခွေးများနှင့် ကိုက်စေပြီးနောက် လုယက်ယူသွား

Rohingya Eye
RB News
14.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ ကျေးရွာအခြေစိုက် တပ်ရင်းမှ စစ်သားများက ဒေသခံတစ်ဦး၏ ဆိတ်တစ်ကောင်ကို ၎င်းတို့၏ ခွေးများဖြင့် ကိုက်စေပြီးနောက် လုယက်ယူသွားခဲ့ကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီလ (၁၁) ရက်နေ့ နံနက် ၉  နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ ကျေးရွာအခြေစိုက် တပ်ရင်း ၅၃၅ မှ စစ်သား ၇ ဦးသည် ရွာကြီးရွာသို့ ၎င်းတို့၏ ခွေးများနှင့် အတူဝင်ရောက်လာပြီး၊ ဦးဟာရှီးမ်မူလ္လာ (ဘ) ဦးအလီမျာ (အသက် ၄၅ နှစ်) ၏ နေအိမ်ခြံဝင်း အနောက်ဘက်သို့ သွားရောက်၍ ကျက်စားနေသည့် ဆိတ်ထီးတစ်ကောင်ကို ၎င်းတို့နှင့် အတူပါလာသည့် ခွေးများအား ကိုက်စေခဲ့သည်။ ခွေးများကိုက်လိုက်သည့် ဆိတ်သည် သေလုမျောပါး အခြေအနေသို့ ရောက်နေသဖြင့် ဆိတ်ပိုင်ရှင်၏ အိမ်နီးချင်း ဖြစ်သူ ဦးအစ္စလာမ် (ဘ) ဦးရှုနာလီ (အသက် ၄၇ နှစ်) က အစ္စလာမ်တရားတော်နှင့်အညီ စားသောက်နိုင်ရန် လည်လှီးရန် ကြိုးစားနေခဲ့ရာ စစ်သားများက ၎င်းအား သစ်သားတုတ်ဖြင့် ရိုက်နှက်ပြီးနောက် ဆိတ်ကို လုယက်ယူဆောင် သွားခဲ့ကြသည်။ 

ဦးအစ္စလာမ်သည် စစ်သားများ၏ ရိုက်နှက်ခံရမှုကြောင့် ခြေထောက်တစ်ဘက်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး၊ လုယက်ယူဆောင်သွားသည့် ဆိတ်၏ ကာလတန်ဖိုးမှာ ငွေကျပ် ၈ သောင်းကျော် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

“ဆိတ်ပိုင်ရှင်က တံငါးသည်တစ်ဦးပါ၊ အရမ်းဆင်းရဲတယ်၊ အခု အလုပ်လက်မဲ့ ဖြစ်နေတဲ့အချိန်လည်း ဆိတ်လည်း လုခံရတယ်။ စစ်သားတွေက ဆိတ်ပိုင်ရှင်ကို လျော်ကြေးပေး တောင်းပန်ရမယ့်အစား ဆိတ်ကို လုယက်သွားတာက လက်နက်အားကိုးနဲ့ သောင်းကျန်းနေတာ ဖြစ်ပါတယ်။ အစိုးရက လုံခြုံရေးတပ်ဖွဲ့တွေကို အခုလိုလုပ်ဖို့ တရားဝင်ခွင့်ပြုထားတာလား သံသယဖြစ်မိတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 




Comment ရေးရန်

Rohingya Exodus