နောက်ဆုံးသတင်း/ဆောင်းပါးများ

ရွာသားများကို NVC ကဒ် ယူရန် စည်းရုံးမပေးသူ၏ ဇနီးဖြစ်သူကို နယ်ခြားစောင့်ရဲများက ဖမ်းဆီးသွား

RB News
19.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ အထက်ကမ်းပိုင်ကြီး ကျေးရွာမှ ရွာသားများကို NVC ကဒ်ယူရန် စည်းရုံး မပေးသည့် ဒေသခံတစ်ဦး၏ ဇနီးကို နယ်ခြားစောင့်ရဲများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ယနေ့ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နံနက်ပိုင်းတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် ကွပ်ကွဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင် ဦးဆောင်သည့် အဖွဲ့ ရောက်ရှိလာပြီး ရွာသားအချို့ကို ဆင့်ခေါ်၍ NVC ကဒ် လက်ခံရယူရန် စည်းရုံးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ထိုသို့ စည်းရုံးရာတွင် ခြိမ်းခြောက်မှုများလည်း ပါခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ 

ထို့နောက် နံနက် ၁၁ နာရီခန့် အချိန်တွင် လ.၀.က မှ ၀န်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာ ရာအိမ်မှူးများက အလယ်သံကျော် ကျေးရွာအုပ်စု၊ ဈေးကုန်တန်းရွာသို့ သွားရောက်၍ တစ်အိမ်တက်တစ်အိမ်ဆင်း စနစ်ဖြင့် NVC ကဒ်များ ထုတ်ပေးခဲ့ရာ ရွာသားများ အားလုံးနီးပါး ရွာမှ တိမ်းရှောင်သွားခဲ့ကြောင်း သိရှိရပါသည်။ စာမဖတ်တတ်သည့် အမျိုးသမီးတစ်ဦး (အမည်စုံစမ်းဆဲ) ကို NVC ကဒ်ပြားသည် နိုင်ငံသားကဒ်သာ ဖြစ်သည်ဟု လိမ်ညာပြောဆို၍ စည်းရုံးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

“အဲဒါအပြင် အခြား မိသားစု ၃ စု ကိုလည်း ဦးဆွေယာဒ်ဒူလ္လာ ခေါ် ဦးမြင့်အောင် က စည်းရုံးပြီး NVC ကဒ်ယူဖို့ လက်မှတ်ထိုးထားတယ်လို့ သိရတယ်။ ဒါပေမယ့် အတည်ပြုလို့တော့ မရသေးဘူး။” ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

ဈေးကုန်တန်းရွာတွင် NVC ကဒ် လက်ခံမည့်သူ မရှိသည့်အတွက် နေ့လည် တစ်နာရီခွဲခန့်တွင် လ.၀.က နှင့်အဖွဲ့ ရွာမှ ထွက်ခွာသွားခဲ့သည်။ နေ့လည် ၂ နာရီကျော် အချိန်တွင် အလယ်သံကျော် ကျေးရွာအုပ်စု အထက်ကမ်းပိုင်ကြီး ရွာသို့ ၀င်ရောက်ခဲ့ပြီး၊ ယင်းရွာတွင်လည်း မည်သူတစ်ဦးတစ်ယောက်မှ NVC ကဒ် လက်ခံယူခြင်း မရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရသည်။ 

“ရွာသားအချို့ကို အမျိုးမျိုး ခြိမ်းခြောက်တယ်။ အခု ငါးဖမ်းစက်လှေသမားတွေကို NVC မယူရင် ငါးဖမ်းခွင့် လုံးဝ မပေးတော့ဘူးလို့ အာဏာပိုင်တွေက ပြောနေတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

အထက်ကမ်းပိုင်ကြီးရွာမှ ဦးဆွေယာဒ်ဒူလ္လာ (ဘ) ဦးမော်ဂုလ် ကို ယနေ့ ည ၆း၃၀ နာရီ အချိန်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ လာရောက်၍ ဆင့်ခေါ်ခြင်း ခံရသော်လည်း NVC ကဒ် အတွက် ရွာသားများကို စည်းရုံးပေးရမည်ကို စိုးရိမ်၍ မသွားခဲ့ကြောင်း သိရှိရသည်။ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ မသွားသည့် အတွက်ဟု ဆိုကာ ည ၆း၃၀ နာရီကျော် အချိန်တွင် နယ်ခြားစောင့်ရဲ (၄) ဦးက ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ဟာလေဇာ (ဘ) ဦးဇာဟိတ်ဟူဆောင်း ကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံများက ပြောပါသည်။ 


Comment ရေးရန်

Rohingya Exodus