နောက်ဆုံးသတင်း/ဆောင်းပါးများ

NVC ကဒ်နှင့် ပတ်သက်သည့် အစည်းအဝေး မတက်ရောက်သူ များကို ဖမ်းဆီး၍ ခံဝန်ချက် လက်မှတ်ရေးထိုးခိုင်း

Rohingya Eye
RB News
20.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၌ ကျင်းပခဲ့သည့် အစည်းအဝေးတွင် တက်ရောက်ရန် ပျက်ကွက်ခဲ့သည့် ရပ်မိရပ်ဖ အချို့ကို ဖမ်းဆီး၍ ခံဝန်ချက် လက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင် က NVC ကဒ်နှင့် ပတ်သက်၍ ရွာလူကြီးများအား အစည်း
အဝေးခေါ်ယူခဲ့ရာ အစည်းအဝေး မတက်ရောက်ခဲ့သူ (၅) ဦးကို ည (၆) နာရီ အချိန်တွင် နယ်မြေ (၇) မှ နယ်ခြားစောင့်ရဲများက ဖမ်းဆီးခေါ်ဆောင်သွားပြီး ချုပ်နှောင်ထားခဲ့သည်။

၎င်းတို့အား “အကယ်၍ NVC ကဒ်မယူလျှင် အောက်တိုဘာလ (၉) ရက်နေ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်အား တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု အမှုဆွဲ၍ သေဒဏ်ပေးမည်” ဟု ခြိမ်းခြောက်အကျပ်ကိုင်ကာ ည (၈) နာရီ အချိန်တွင် နောင်တွင် အစည်းအဝေး ခေါ်ပါက တက်ရောက်မည်ဖြစ်ကြောင်း၊ NVC ကဒ်လည်း ယူမည်ဟု ခံဝန်လက်မှတ် ထိုးခိုင်း၍ (၂) ဦးကို ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးမှ ပြန်လည် လွှတ်ပေးခဲ့သည်။

ည (၈) နာရီ အချိန်တွင် ပြန်လည်လွှတ်ပေးခဲ့သူ (၂) ဦးမှာ --

(၁) ဦးအာဇော်မ် (ဘ) ဦးဒေါလူ (အသက် ၄၅ နှစ်)
(၂) ဦးမော်စီအူဒီးန် -- တို့ဖြစ်သည်။

ကျန်သည့် (၃) ဦးကို ည (၁၁) နာရီအချိန်တွင် အထက်ပါ အတိုင်း ခံဝန်လက်မှတ် ယူ၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ရုံးမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ည (၁၁) နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သူ (၃) ဦးမှာ --

(၁) ဦးရော်ရှိတ် (အသက် ၇၅ နှစ်)
(၂) ဦးဆွေဒူလ္လာ (ဘ) ဦးမော်ဂုလ်အာမတ် (အသက် ၅၂ နှစ်)
(၃) ဦးဆွေဒူလ္လာ (ခ) ဦးချစ်ဆွေဝင်း -- တို့ဖြစ်သည်။

ဖမ်းဆီးချုပ်နှောင်ခံရသူများတွင် အမျိုးသားမှတ်ပုံတင်ကဒ်ပြား (သုံးခေါက်ချိုး) ရှိသောကြောင့် NVC ကဒ်ကို ငြင်းဆန်ခဲ့သော်လည်း ဒေသခံအာဏာပိုင်များက လက်မခံခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် မောင်တောမြို့နယ် မြောက်ပိုင်းမှ လိုင်းကားဆွဲနေသည့် ယာဉ်မောင်းများကို NVC ကဒ်မရှိသည့် ခရီးသည်များကို တင်ဆောင်ခြင်း မပြုရန်၊ အကယ်၍ တင်ဆောင်ပါက ကာယကံရှင်များကို အရေးမယူဘဲ ယာဉ်မောင်းများကိုသာ အရေးယူမည်ဟု နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်မှ ပြောဆိုခဲ့ကြောင်း ယာဉ်မောင်း တစ်ဦးထံမှ သိရှိရသည်။

နယ်စပ်ကုန်သည်ရေး အသင်း၏ အသင်းဝင်ကဒ်ပြားများကိုလည်း NVC ကဒ်ပါမှ သက်တမ်းတိုးနိုင်မည် ဖြစ်ပြီး၊ တစ်ဖက်နိုင်ငံသို့ သွားလိုလျှင်လည်း NVC ကဒ်ပါရမည်ဟု လ.၀.က မှာ ညွန်ကြားချက် ထုတ်ထားသောကြောင့် တစ်ဖက်နိုင်ငံသို့ သွားနေသူများ မရှိသလို၊ သက်တမ်းတိုးသူများလည်း မရှိဟု ဒေသခံများက ပြောပါသည်။

ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် စစ်ဆေးရေးဂိတ်၊ ရွှေဇားတံတား ကင်းစခန်း၊ မြို့မကညင်တန်း တံတားကင်းစခန်း၊ ပန်းတောပြင် တံတားကင်းစခန်း၊ ဂေါ်ဒူသာရတံတားကင်းစခန်းများမှ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်ကြောင်း၊ NVC ကဒ် ကိုင်ဆောင်လျှင် သွားလာခွင့်ပြုမည်ဟု ဒေသခံ အာဏာပိုင်များက ပြောဆိုနေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

နေ့လည် ၁ နာရီခွဲ အချိန်တွင် အလယ်သံကျော် ကျေးရွာအုပ်စု၊ ဘော်ဒူးဖာရာရွာတွင် NVC ကဒ်ထုတ်ပေးနေသည့် အဖွဲ့ ကွင်းဆင်းလာသည့် အခါ ရွာသားများက NVC ကဒ် အတင်းအဓမ္မ ကိုင်ဆောင်ရန် ဖိအားပေးခံရမည်ကို စိုးရိမ်၍ ရွာမှ တိမ်းရှောင်သွားခဲ့သည်။ နောက်ဆုံးတွင် ယင်းရွာမှ မော်လ၀ီအဒူဇော်ဘော်ရ် (ဘ) ဦးအဒူမာလဲခ် (အသက် ၆၀ နှစ်) ကို နယ်ခြားစောင့်ရဲများက ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ရွာလူကြီးတွေကို ဖမ်းပြီးတော့ ရွာသူရွာသားတွေ ကြောက်သွားအောင် လုပ်နေတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်။ ခိုးဝင်လာသူတွေ မဟုတ်တဲ့အတွက် NVC ကဒ်ကို လက်ခံမှာ မဟုတ်ဘူး” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

အထက်ကမ်းပိုင်ကြီးရွာမှ ဦးဆွေယာဒ်ဒူလ္လာ (ဘ) ဦးမော်ဂုလ်အာမတ် ၏ ဇနီးကို ည (၈) နာရီအချိန်တွင် ဦးဆွေယာဒ်ဒူလ္လာ သွားရောက်၍ အဖမ်းခံသည့်အခါ ပြန်လည် လွှတ်ပေးခဲ့သည်။ ဦးဆွေယာဒ်ဒူလ္လာ ထံမှ ငွေကျပ် သုံးသိန်း ညှစ်ယူခဲ့ကြောင်း သိရှိရသည်။




Comment ရေးရန်

Rohingya Exodus