နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် (၅) ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးက အရပ်သားများကို ကင်းစောင့်ခိုင်း၊ လစဉ်ကြေး ကောက်ခံလျက်ရှိ

RB News
15.3.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် အရပ်သားများ ကင်းစောင့်ရန် ပြည်နယ်အစိုးရမှ ညွန်ကြားထားခြင်း မရှိသော်လည်း အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးက အရပ်သားများကို ကင်းစောင့်ခိုင်းခြင်း၊ လစဉ်ကြေး ကောက်ခံခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့နယ် အမှတ် (၅) ရပ်ကွက်တွင် အိမ်ခြေပေါင်း ၆၀၀ ကျော် ရှိပြီး၊ အနောက်ရပ်ကွက်၊ ရွာသစ်တို့ရှိ အိမ်ခြေ ၄၀၀ ကျော်မှာ ရိုဟင်ဂျာများ ဖြစ်ကြသည်။ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးက ရွာသစ်မှ ရွာသားများကို ကင်းရုံ (၃) ရုံဖြင့် ကင်းစောင့်စေသည်။ ညစဉ်ညတိုင်း ကင်းရုံတစ်ရုံလျှင် လူ (၅) ဦးစီ စောင့်ရပြီး၊ ည ၆ နာရီမှ နံနက် ၆ နာရီထိ မအိပ်ဘဲ စောင့်ရကြောင်း၊ ရိုဟင်ဂျာများသာ ကင်းစောင့်ရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ကင်းစောင့်များအတွက်ဟု ဆိုကာ အုပ်ချုပ်ရေးမှူးက ရိုဟင်ဂျာများ၏ နေအိမ်များမှ လစဉ် ငွေကျပ် ၅၀၀၀/- စီ ကောက်ခံလျက် ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။ ကင်းရုံများကို ညစဉ်ညတိုင်း ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးပြီး၊ ကင်းသမားများ အိပ်ငိုက်နေလျှင်ပင် ငွေသိန်းချီ၍ မတရားသဖြင့် ညှစ်ယူကြောင်း ဒေသခံများက ပြောပါသည်။

၂၀၁၂ ခုနှစ်တွင် ကင်းရုံတစ်ရုံသာ ရှိခဲ့ပြီး၊ ယခုအခါ ကင်းရုံ (၃) ရုံ ထားရှိကြောင်း၊ အခြားသော ကျေးရွာ၊ ရပ်ကွက်များတွင် အရပ်သားများ ကင်းစောင့်ရခြင်း မရှိသော်လည်း အမှတ် (၅) ရပ်ကွက်တွင် အမြဲရှိနေကြောင်း၊ ကင်းစောင့်နေသည့် အရပ်သားများကို ရဲတပ်ဖွဲ့ဝင်များက ညှဉ်းပန်းနှိပ်စက်ခြင်း၊ ငွေညှစ်ခြင်းများကြောင့် ပြည်နယ်အစိုးရကို တင်ပြသောအခါ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက အရပ်သားများကို ကင်းစောင့်ရန် မည်သည့် ဌာနကမှ ညွန်ထားခြင်း မရှိကြောင်း အကြောင်းပြန်ကြားခဲ့သည်။

သို့သော်လည်း အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးက ရရှိထားသည့် အခွင့်အာဏာကို အလွဲသုံးစား ပြုလုပ်၍ အရပ်သားများကို ကင်းစောင့်ခိုင်းခြင်း၊ ကင်းစောင့်များအတွက်ဟု ဆိုကာ လစဉ် ငွေများ ကောက်ခံနေခြင်းကို အထက်အာဏာပိုင်များက ဟန့်တားပေးရန် ဒေသခံများက တောင်းဆိုကြောင်း RB News သို့ပြောပါသည်။




Comment ရေးရန်

Rohingya Exodus