နောက်ဆုံးသတင်း/ဆောင်းပါးများ

ခမောင်းဆိပ်မှ ဒေသခံရိုဟင်ဂျာတစ်ဦး တောတောင်ထဲတွင် ထင်းခုတ်နေစဉ် သတ်ဖြတ်ခံရ

MYARF
RB News
18.3.2017

ခမောင်းဆိပ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ခမောင်းဆိပ်မြို့၊ ရေနောက်ငါးသားကျေးရွာမှ ဒေသခံ ရိုဟင်ဂျာတစ်ဦးကို တောတောင်ထဲတွင် ထင်းခုတ်နေစဉ် အမည်မသိအုပ်စုတစ်စုက သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မောင်တောခရိုင်၊ ခမောင်းဆိပ်မြို့၊ ရေနောက်ငါးသားကျေးရွာမှ ဦးမာမတ်ဆော်လိမ် (ဘ) ဦးနာဇီရ်ဟူစိန်း (အသက် ၃၅ နှစ်) သည် ထင်း၊ သစ်ခုတ် ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသည့် ဆင်းရဲသည့် လူရိုးလူအေး တစ်ဦးဖြစ်သည်။ ၎င်းသည် မတ်လ (၁၆) ရက်နေ့ နံနက်စောစောပိုင်းတွင် ထင်းခုတ်ရန် တောတောင်ထဲသို့ သွားရောက်ခဲ့ရာ ညနေ နေ၀င်ချိန်ထိ အိမ်ပြန်ရောက်မလာသဖြင့် မိသားစုနှင့် ဆွေမျိုးသားချင်းများက စိတ်ပူ၍ တောတောင်ထဲသို့ သွားရောက်ရှာဖွေရာတွင် တောတောင်တစ်နေရာ၌ ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဦးမာမတ်ဆော်လိမ်၏ ရုပ်အလောင်းကို စစ်ဆေးရာတွင် လည်ပင်းလှီးဖြတ်၊ ၀မ်းဗိုက်နှင့် နဖူးတွင် ဓါးထိုးထားသည့် ဒဏ်ရာနှင့် မျက်လုံးနှစ်လုံးကို ထုတ်ယူထားသည်ကို တွေ့ရှိရသည်။

၎င်း၏ ရုပ်အလောင်းကို နေအိမ်သို့ သယ်ဆောင်သွားပြီးနောက် အမှတ် (၂) နယ်မြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (တမန်းသားစခန်း) သို့ တိုင်တန်းခဲ့သည်။ မတ်လ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် နယ်မြေ (၂) စခန်းမှ နယ်ခြားစောင့်ရဲများ ရောက်ရှိလာပြီး ရုပ်အလောင်းကို ကြိမ်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (စခန်း ၂၄) သို့ သယ်ယူသွားပြီး ထိုမှတဆင့် ကြိမ်ချောင်းဆေးရုံသို့ ပို့ဆောင်ကာ ခွဲစိတ်စစ်ဆေးခဲ့သည်။

ထို့နောက် နေ့လည်ပိုင်းတွင် မိသားစုထံ ရုပ်အလောင်းကို လွှဲပြောင်းပေးခဲ့ပြီး၊ မိသားစုနှင့် ဆွေမျိုးသားချင်း များက နေ့လည် (၂) နာရီကျော် အချိန်တွင် မြေမြှပ်သဂြိုဟ်ခဲ့သည်။

မောင်တောမြို့နယ် မြောက်ပိုင်းနှင့် ခမောင်းဆိပ်မြို့တွင် ရခိုင်လက်နက်ကိုင်အဖွဲ့နှင့် ဒိုင်းနက်လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ လှုပ်ရှားလျက်ရှိပြီး၊ အဆိုပါ အဖွဲ့နှစ်ဖွဲ့မှ တစ်ဖွဲ့၏ လက်ချက်ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။

မတ်လ (၁၁) ရက်နေ့က ဒိုင်းနက် လက်နက်ကိုင်အဖွဲ့က အောင်ဇံကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းကို ၀င်ရောက်စီးနင်းပြီး လက်နက်များ လုယက်ယူဆောင်သွားခဲ့သေးသည်။



Comment ရေးရန်

Rohingya Exodus