နောက်ဆုံးသတင်း/ဆောင်းပါးများ

အင်းဒင်မှ လူမနေသည့် ဒေသခံရိုဟင်ဂျာတစ်ဦး၏ အိမ်ကို ဟိန္ဒူအမျိုးသမီးတစ်ဦး ပိုက်နက်ကျူးလွန် ၀င်ရောက်နေထိုင်သည့် အပြင် အိမ်ကိုဖျက်၍ အသစ်ဆောက်လျက်ရှိ

Rohingya Eye
RB News
21.3.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာအုပ်စုမှ လူမနေတော့သည့် ဒေသခံရိုဟင်ဂျာတစ်ဦး၏ နေအိမ်ပေါ်သို့ ဟိန္ဒူအမျိုးသမီးတစ်ဦး ၀င်ရောက်နေထိုင်ပြီးနောက် အိမ်ကိုဖျက်ပြီး အသစ်ဆောက်လုပ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာအုပ်စု၊ အလယ်ရွာမှ ဦးရှာဟဲသ်အူလ္လာ (အသက် ၃၅ နှစ်) ၏ ဖခင်ဖြစ်သူ ဦးအစ္စမိုင်လ် ပိုင်ဆိုင်သည့် နေအိမ်သည် ဟိန္ဒူအမျိုးသမီး မာလူသီး (ခ) ဟာလာဖူတူး (ဘ) ဦးဖိုက်ထား (အသက် ၃၀ နှစ်) ၏ နေအိမ်နှင့် ကပ်လျက်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်နှစ်ခန့်က ဦးအစ္စမိုင်လ် ကွယ်လွန်သွားခဲ့ပြီး၊ ၎င်း၏ အိမ်တွင် မည်သူတစ်ဦးမှ နေထိုင်ခြင်း မရှိသည်ကို ဟိန္ဒူအမျိုးသမီး မာလူသီးက အခွင့်ကောင်းယူ၍ ပိုက်နက်ကျူးလွန်ကာ ၀င်ရောက်နေထိုင်ခဲ့သည်။ 

ကွယ်လွန်သွားသူ ဦးအစ္စမိုင်လ်၏ သားဖြစ်သူ ဦးရှာဟဲသ်အူလ္လာက ကျေးရွာအုပ်ချုပ်ရေးမှူးထံ တိုင်တန်းပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးက ဟိန္ဒူအမျိုးသမီး မာလူသီးကို ယင်းနေအိမ်မှ ထွက်ခွာသွားရန် အမိန့်ပေးခဲ့သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူး၏ အမိန့်ကို မလိုက်နာသည့်အပြင် နေအိမ်ကို ဖျက်၍ သက်ဆိုင်ရာ၏ အမိန့်မပါဘဲ နေအိမ်အသစ်ဆောက်လုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

အဆိုပါ ဟိန္ဒူအမျိုးသမီး မာလူသီးသည် အင်းဒင် နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းတွင် နယ်ခြားစောင့်ရဲများ၏ အ၀တ်အစားများကို လျှော်ဖွတ်ပေးနေသူတစ်ဦး ဖြစ်သောကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ အခွင့်အာဏာဖြင့် ဆောက်လုပ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ 

ဦးရှာဟဲသ်အူလ္လာသည် အလွန်ဆင်းရဲသူတစ်ဦး ဖြစ်ပြီး ငွေကြေးမတတ်နိုင်သောကြောင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်တိုင်တန်းရန် စရိတ်မရှိဟု သိရှိရသည်။ 

ကျေးရွာလူကြီးတစ်ဦးက “ဒီဟိန္ဒူမိန်းမရဲ့အိမ်ကို နယ်ခြားစောင့်ရဲတွေနဲ့ စ.ရ.ဖ တွေ အ၀င်အထွက်ရှိတယ်။ မကောင်းတဲ့အလုပ်လုပ်တယ်လို့ ကြားတယ်။ အဲဒီတော့ သူမနဲ့ တပ်ဖွဲ့ဝင်တွေ ရင်းနှီးမှုအတိုင်းအတာကို အခွင့်ကောင်းယူပြီး ပိုက်နက်ကျူးလွန်ရုံတင်မက အိမ်ကိုပါ ဖျက်ပြီး အသစ်ဆောက်နေတာ။ အဲဒါကို သက်ဆိုင်ရာက အမြန်ဆုံး အရေးယူဟန့်တားပြီး မူလပိုင်ရှင်လက်ထဲကို အိမ်ပြန်အပ်ဖို့ တစ်ရွာလုံးက တောင်းဆိုနေကြတယ်” ဟု ပြောပါသည်။ 


ဦးအစ္စမိုင်လ်၏ နေအိမ်ထဲသို့ ပိုက်နက်ကျူးလွန် ၀င်ရောက်နေထိုင်ပြီးနောက် အိမ်ကိုဖျက်၍ အသစ်ဆောက်လုပ်နေသည်ကို တွေ့ရစဉ်

Comment ရေးရန်

Rohingya Exodus