နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြောက်ပိုင်းတွင် စစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့သည့် ရိုဟင်ဂျာများ၏ မြေနေရာများကို အစိုးရပိုင် အဖြစ် သိမ်းလိုက်

MYARF
RB News
25.3.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်သော ဒေသခံရိုဟင်ဂျာများ၏ မြေနေရာများကို အစိုးရပိုင်မြေအဖြစ် သိမ်းလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်းတွင် နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် စစ်တပ်က ဒေသခံရိုဟင်ဂျာများ၏ နေအိမ်များကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့သည်။ ကျေးရွာများအလိုက် စစ်တပ်က မီးရှို့ဖျက်ဆီးစဉ် ရွာသူရွာသားများသည် အသက်ဘေးလွတ်မြောက်ရာသို့ ထွက်ပြေးသွားကြပြီး၊ နောက်ဆုံးတွင် လယ်ကွင်းပြင်များတွင် မိသားစု၊ ဆွေမျိုးအားလုံး စုစည်း၍ နေထိုင်ခဲ့ကြသည်။ 

အစိုးရ အာဏာပိုင်များက လယ်ကွင်းပြင်များတွင် နေထိုင်နေကြသော ဒေသခံရိုဟင်ဂျာများနှင့် တွေ့ဆုံပြီး မိမိတို့၏ နေအိမ်ခြံဝင်းများသို့ ပြန်သွားရန် ဖိအားပေးပြောဆိုခဲ့သည်။ 

ယခုတစ်ဖန် မီးရှို့ခံမြေနေရာများမှာ အစိုးရပိုင် ဖြစ်သွားသည့်အတွက် နေအိမ်ခြံဝင်းများမှ ထွက်သွားရန်နှင့် စစ်တွေမြို့ကဲ့သို့ IDP စခန်းများ ဆောက်လုပ်ပေးမည်ကို လက်ခံပေးရန် အစိုးရ အာဏာပိုင်များက ဖိအားပေးလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ရိုဟင်ဂျာလူမျိုးကို သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းများနှင့် စပ်လျဉ်းပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက အချက်အလက်များ ရှာဖွေရန် အဖွဲ့တစ်ဖွဲ့ စေလွှတ်ရန် ဆုံးဖြတ်ချက် ချမှတ်မည်ကို ကြိုတင်သိရှိနေသည့် အာဏာပိုင်များသည် မတ်လ (၂၃) ရက်နေ့တွင် မီးရှို့ခံ ကျေးရွာတစ်ရွာ ဖြစ်သည့် ကျီးကန်းပြင် ကျေးရွာအုပ်စုမှ ၀ါးပိတ်ကျေးရွာတွင် မြေညှိစက်၊ မြေဖြိုစက်၊ မြေတူးစက်များ အသုံးပြု၍ သက်သေ အထောက်အထားများ ဖျောက်ဖျက်နေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 





Comment ရေးရန်

Rohingya Exodus