နောက်ဆုံးသတင်း/ဆောင်းပါးများ

ခမရ ၂၃၂ မှ စစ်သားများက တင်းမေကျေးရွာထဲသို့ ၀င်ရောက်၍ ရွာသူရွာသားများကို အကြမ်းဖက်

MYARF
RB News
27.3.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာအုပ်စုသို့ ခမရ (၂၃၂) မှ စစ်သားများ ၀င်ရောက်၍ အမျိုးသမီးများကို ကိုယ်ထိလက်ရောက် စော်ကား ရိုက်နှက်ခြင်း၊ အပြစ်မဲ့ ရွာသားများကို ရိုက်နှက်ခြင်းနှင့် ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မတ်လ (၂၅) ရက်နေ့ ည (၇) နာရီခန့် အချိန်တွင် ခမရ (၂၃၂) မှ တပ်ဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ် တင်းမေးကျေးရွာအုပ်စုသို့ ရှောင်တခင် ၀င်ရောက်လာပြီး ဒေသခံရိုဟင်ဂျာများ၏ နေအိမ်တံခါးများ ရိုက်ချိုး၍ အိမ်များထဲသို့ ၀င်ရောက်ကာ အမျိုးသားများကို ထိုးကြိတ် ဖမ်းဆီးသည့်အပြင် အမျိုးသမီးများကိုလည်း ကိုယ်ထိလက်ရောက် စော်ကားခဲ့ကြောင်း ရွာသားများက RB News သို့ပြောပါသည်။

ထိုသို့ နေအိမ်များထဲသို့ စီးနင်း ၀င်ရောက်ရာတွင် တင်းမေကျေးရွာအုပ်စု၊ အလယ်ရွာမှ မဟာဆီနာ (ဦးဇူဘိုင်ရ်၏ ဇနီး) နှင့် ဖော်လော်နာ (ဦးဟာမိတ်၏ သမီး) တို့နှစ်ဦးလုံးကို တပ်ဖွဲ့ဝင်များက အိမ်ပေါ်တက်၍ ဆွဲထုတ်၍ ကိုယ်ထိရောက် စော်ကား၍ လက်သီးဖြင့်ထိုး၊ ခြေဖြင့်ကန်ကျောက်ကာ ဦးခေါင်းကို ငုတ်ခိုင်းထားပြီး နှစ်နာရီ ပြစ်ဒဏ်ပေးခဲ့ကြောင်း၊ အလားတူ အခြားအမျိုးသမီး၊ မိန်းကလေး (၅၀) ခန့်ကိုလည်း ဦးခေါင်းငုတ်ခိုင်း၍ ထိုင်ခိုင်းထားပြီး နှစ်နာရီနီးပါး ပြစ်ဒဏ်ပေးခဲ့ကြောင်း၊ ဦးရှော်ဘိရ်အာမတ် (ဘ) ဦးအဒူဇော်လိလ်နှင့် ဦးအုစ်မာန် (ဘ) ဦးဆာဘေရ် အပါအ၀င် ရွာသား (၁၅) ဦးမှာ စစ်သားများ၏ ရိုက်နှက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိထားကြောင်း၊ ဦးဆော်လိမ်အုလ္လာ (ဘ) ဦးဆိဒိခ်အာမတ်၊ ဦးလုတ်ဖူရာမာန် (ဘ) ဦးဆာဘေရ်၊ ဦးဆယာဒ်ဟူစိန်း (ဘ) ဦးရှောမ်ရှုအာလောမ်တို့ (၃) ဦး၏ နေအိမ်များမှ အသုံးအဆောင်ပစ္စည်းများကို စစ်သားများက ဖျက်ဆီးပြီး ၎င်းတို့ကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ရွာသားများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။

ခမရ (၂၃၂) နှင့် (၅၅၂) တပ်ရင်းများမှ စစ်သားများနှင့် ကျောင်းတောင် စခန်းမှ နယ်ခြားစောင့်ရဲများသည် တင်းမေကျေးရွာအုပ်စု တစ်ခုလုံးကို လိုင်စင်ရ ဓါးပြများကဲ့သို့ ၀င်ရောက် စီးနင်းပြီး အကြမ်းဖက်ပြီး၊ ရွာသူရွာသားများကို တိရိစ္ဆာန်များကဲ့သို့ ဆက်ဆံလျက် ရှိသည်ဟု ရွာသားများက ပြောပါသည်။




Comment ရေးရန်

Rohingya Exodus