နောက်ဆုံးသတင်း/ဆောင်းပါးများ

တင်းမေကျေးရွာမှ ဒေသခံ အများအပြား ဖမ်းဆီးခံနေရခြင်းမှာ ကျေးရွာတာဝန်ခံက သတင်းမှားပေးပို့၍ ဖန်တီးမှုကြောင့်ဖြစ်

MYARF
RB News
24.3.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာမှ တာဝန်ခံ ဦးဟာမီဒူလ္လာသည် ရွာသားများကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ တိုက်ခိုက်မှုနှင့် ဆက်စပ်မှုရှိသည်ဟု ဆိုကာ ထိုအချိန်မှစ၍ ငွေညှစ်ခြင်းအပါအ၀င် နည်းမျိုးစုံဖြင့် ဒုက္ခပေးလျက် ရှိကြောင်း သတင်းရရှိပါသည်။

မတ်လ (၇) ရက်နေ့တွင် တပ်ရင်း (၅၅၂)၊ တောင်ဘဇာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ ကျောင်းတောင် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ တင်းမေကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့သည် တင်းမေရွာ အနီးရှိ တောတောင်များတွင် Al Yaqeen အဖွဲ့ ခိုလှုံနေသည်ဟု သတင်းရရှိပြီးနောက် လိုက်လံရှာဖွေရန် ရောက်ရှိလာခဲ့ပြီး လက်နက်ကိုင် တစ်ဦးတစ်ယောက်ကိုမှ မတွေ့ရှိခဲ့သော်လည်း ယာခင်းတွင် အလုပ်လုပ်နေသည့် တင်းမေရွာသား ဇူဘိုင်ရ် (ဘ) ဦးမိုဟာမတ်အီနုစ် (အသက် ၂၄ နှစ်)၊ ဦးအဗ်ဒုလ်အာမီးန် (ဘ) ဦးအာဘူရှော်မာ (အသက် ၃၀ နှစ်) တို့ကို ဖမ်းဆီးပြီး ဘူးသီးတောင် ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။

မတ်လ (၁၃) ရက်နေ့တွင် ထပ်မံ၍ ရွာသား (၁၂) ဦးကို ဖမ်းဆီး၍ တောင်ဘဇာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင်သွားပြီး ရိုက်နှက်၍ မတ်လ (၁၅) ရက်နေ့တွင် (၁၀) ဦးကို ပြန်လည် လွှတ်ပေးခဲ့သည်။ ကျန် နှစ်ဦးဖြစ်သည့် ဦးနူရ်အာမီးန် (ဘ) ဦးကာလူ (အသက် ၄၅ နှစ်) နှင့် ဦးအာဘူလ်ဟာရှိမ်း (ဘ) ဦးအဒူလ်ဟာကိမ်း (အသက် ၅၂ နှစ်) တို့ကို ဘူးသီးတောင် ရဲစခန်းသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

မတ်လ (၁၉) ရက်နေ့တွင် နောက်ထပ် ထပ်မံ၍ ရွာသား (၁၇) ဦးကို ဖမ်းဆီးပြီး (၁၃) ဦးကို (၂၁) ရက်နေ့တွင် ဘူးသီးတောင် ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ကျန် (၄) ဦးနှင့် ပတ်သက်၍ သတင်းတစ်စုံတစ်ရာ မရရှိဘဲ ပျောက်ဆုံးနေသည်ဟု ရွာသားများက ပြောပါသည်။

မတ်လ (၂၂) ရက်နေ့တွင် တောင်ဘဇာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နောက်ထပ် (၃၆) ဦးကို ဖမ်းဆီးရန် စာရင်းတစ်ခု ရှိသည်ဟု ဆိုကာ ကျေးရွာတာဝန်ခံ ဦးဟာမီဒူလ္လာက ရွာသားများကို ပြောဆိုခဲ့ကြောင်း သိရှိရသည်။

နယ်မြေရှင်းလင်းရေးကာလ ကုန်ဆုံးသွားသော်လည်း စစ်သားများနှင့် နယ်ခြားစောင့်ရဲများ၏ ရက်စက်မှုဒဏ် တစ်နေ့တစ်ခြား ပိုမိုတိုးလာနေသဖြင့် ရွာသားများ၏ ဘ၀ လုံခြုံမှုမရှိတော့သောကြောင့် လူကြီး၊ လူငယ်၊ အမျိုးသမီး၊ ကလေးများ အပါအ၀င် ရွာသူရွာသား တစ်ရာကျော် အနီးအနားရှိ ရွာများနှင့် တောတောင်များထဲသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောပါသည်။

ယုံကြည်စိတ်ချရသည့် သတင်းများအရ တင်းမေကျေးရွာ၏ ပြဿနာဇစ်မြစ်မှာ ကျေးရွာ တာဝန်ခံ ဦးဟာမီဒူလ္လာသည် အောက်တိုဘာလမှ စ၍ မတ်လ လဆန်းပိုင်းထိ ရွာသားများထံမှ ငွေကျပ် သိန်း ၅၀၀ ကျော်ကို နယ်ခြားစောင့်ရဲများနှင့် စစ်သားများ၏ အမည်များသုံး၍ ညှစ်ယူခဲ့သည်။ ထိုသို့ ငွေညှစ်ခြင်းနှင့် ပတ်သက်၍ ရွာသားများက မတ်လ (၃) ရက်နေ့တွင် တောင်ဘဇာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ တိုင်ကြားခဲ့သည်။

ယခုအခါ ကျေးရွာတာဝန်ခံဖြစ်သူ ဦးဟာမီဒူလ္လာက အလုပ်ပြုတ်မည်ကို စိုးရိမ်၍ လက်နက်ကိုင် အာဏာပိုင်များ၏ အာရုံလွဲစေရန် သတင်းမှားများ ပေးပို့၍ တမင် ရည်ရွယ်ချက်ရှိရှိဖြင့် ပြဿနာ ဖန်တီးနေခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရပါသည်။




Comment ရေးရန်

Rohingya Exodus