နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြို ကွမ်းသီးပင်မှ အာဏာပိုင်များနှင့် နီးစပ်သူတစ်ဦးက အဖိုးအိုတစ်ဦးကို သေလုမျောပါး ရိုက်နှက်

MYARF
RB News
23.3.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ ကွမ်းသီးပင်ကျေးရွာအုပ်စုတွင် အစိုးရအာဏာပိုင်များနှင့် နီးစပ်သူတစ်ဦးက သက်ကြီးရွယ်အို တစ်ဦးကို ထိုးကြိတ်ရိုက်နှက် လိုက်သောကြောင့် သေလုမျောပါး ဖြစ်နေပြီး၊ အာဏာပိုင်များနှင့် နီးစပ်သူ ဖြစ်သောကြောင့် အရေးယူမည့်သူ မရှိဖြစ်နေကြောင်း သတင်းရရှိပါသည်။

မတ်လ (၂၃) ရက်နေ့တွင် တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ ကွမ်းသီးပင်ကျေးရွာအုပ်စုမှ အစိုးရ အာဏာပိုင်များနှင့် နီးစပ်သူ မူဖီးစ် (ဘ) ဦးဟာဘီအုလ္လာက တစ်ရွာတည်းနေ ဆင်းရဲသားတစ်ဦးဖြစ်သူ ဇူဘိုင်ရ် (ဘ) ဦးရှောမ်ရှုနူရ်ကို ၎င်း၏စကားကို မနာခံဟု ဆိုကာ ရွာလယ်၌ ထိုးကြိတ် ကန်ကျောက်ခဲ့သည်။ ထိုသို့ မတရားသဖြင့် ရိုက်နှက် ထိုးကြိတ်ခံရသည်ကို ဖခင်ဖြစ်သူ အဖိုးအို ဦးရှောမ်ရှုနူရ်က မခံမရပ်နိုင်ဖြစ်ကာ သက်ဆိုင်ရာသို့ အလျင်အမြန်တိုင်ကြားနိုင်ရန် အတွက် နီးစပ်ရာ ရာအိမ်မှူးထံသို့ သွားရောက်၍ အကျိုးအကြောင်း ပြောပြနေစဉ် အဆိုပါ မူဖီးစ် ဆိုသူသည် နောက်မှရောက်ရှိလာပြီး ရာအိမ်မှူး ရှေ့မှောက်တွင်ပင် အဖိုးအိုကို တုတ်ဖြင့် ရိုက်သောကြောင့် ထိုနေရာတွင်ပင် လဲကျသွားခဲ့သည်။ လဲကျသွားသည့်အခါ အပေါ်မှ နေ၍ ထပ်မံပြီး လက်သီးဖြင့်ထိုး၊ ခြေဖြင့် ကန်ကျောက်သောကြောင့် အဖိုးအို၏ နားကွဲ၊ ပါးကွဲအက် ဒဏ်ရာများ ရရှိပြီး၊ ဒဏ်ရာများမှ သွေးများယိုစီးနေသည့်အပြင် ဗိုက်ကိုလည်း အထိုးခံရသောကြောင့် သွေးအန်လျက်ရှိကြောင်း မျက်မြင်သက်သေများက RB News သို့ပြောပါသည်။

သားဖြစ်သူ ဇူဘိုင်ရ်က ဒဏ်ရာများဖြင့် နေအိမ်၌ လဲလျောင်းနေပြီး၊ အသက်ထွက်လုနီးပါး ဖြစ်နေသော ဖခင်ဖြစ်သူ အဖိုးအိုကို နီးစပ်ရာ တောင်ပြိုဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း အခြေအနေ ဆိုးဝါးနေသောကြောင့် ဆရာဝန်က လက်ခံ ဆေးကုသပေးခြင်း မပြု၍ မိသားစုဝင်များက ငိုကြွေးပြီး သေမင်းခေါ်မည့်အချိန်ကိုသာ စောင့်မျှော်လျက် ရှိကြောင်း ရွာသားများက ပြောပါသည်။

အစိုးရအာဏာပိုင်များနှင့် နီးစပ်သူများကို အခွင့်ထူးခံ သြဇာအာဏာ ပေးထားသောကြောင့် ၎င်းတို့သည် ရပ်ရွာ၌ မည်သူ့ကိုမှ ဂရုမစိုက်ဘဲ ထင်ရာစိုင်း လုပ်လျှင်လည်း အရေးယူမည့်သူ မရှိသဖြင့် မခံနိုင်သည့် အဆုံးတွင် ပြဿနာကြီးများ ပေါ်ပေါက်ရသည်ဟု ရွာသားများက ဆိုသည်။




Comment ရေးရန်

Rohingya Exodus