နောက်ဆုံးသတင်း/ဆောင်းပါးများ

လန်ဒန်မြို့တွင် ကချင်နှင့် ရိုဟင်ဂျာများက မြန်မာအစိုးရ၊ စစ်တပ်တို့၏ ရာဇ၀တ်မှုများကို ပြည်သူ့ခုံရုံးသို့ စွဲချက်တင်

RB News
8.3.2017

လန်ဒန် ။ ။ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ School of Law, Queen Mary University of London ၌ မတ်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့များတွင် ရိုဟင်ဂျာနှင့် ကချင်လူမျိုး ကိုယ်စားလှယ်များက အီတလီနိုင်ငံ၊ ရောမမြို့ အခြေစိုက် အမြဲတမ်း ပြည်သူ့ခုံရုံးသို့ ၎င်းတို့၏ မျိုးနွယ်စုများအပေါ် မြန်မာအစိုးရက ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများနှင့် ပတ်သက်ပြီး ကိုယ်တိုင်ထွက်ဆိုချက်များ၊ မှတ်တမ်းတင်ထားသည့် ထွက်ဆိုချက်များ တင်ပြခဲ့သည်။ မြန်မာအစိုးရက စစ်ရာဇ၀တ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများ စသော ရာဇ၀တ်မှုများ ကျူးလွန်နေကြောင်း စွဲချက်များ တင်ခဲ့သည်။

Queen Mary University of London မှ ပါမောက္ခ နှင့် International State Crime Initiative မှ ဒါရိုက်တာ Penny Green, School of Oriental and African Studies, University of London မှ Dr. Manday Sadan, Centre for Human Rights Research and Advocacy, Malaysia မှ ရှေ့နေ Mr. Azril Mohamed Amin တို့နှင့်အတူ ကမ္ဘာတစ်လွှားမှ ကျွမ်းကျင်သူ သက်သေများက သက်ဆိုင်ရာ ရာဇ၀တ်မှုများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများကို ချိုးဖောက်မှုများနှင့် ဆက်နွယ်သော နောက်ခံသမိုင်းကြောင်းများကို တင်ပြခဲ့သည်။

မကြာမီက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည့် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့၏ မုဒိမ်းကျင့်ခြင်းကို ခံရသည့် ရိုဟင်ဂျာအမျိုးသမီးများ၏ ထွက်ဆိုချက် ဗီဒီယိုမှတ်တမ်းများကိုလည်း ဂျူရီအဖွဲ့သို့ တင်ပြခဲ့သည်။

တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားမှ ကြေညာချက်တစ်စောင် ပေးပို့ခဲ့ပြီး၊ အဆိုပါ ကြေညာချက်ကို မတ်လ ၇ ရက်နေ့တွင် ဒေါက်တာဇာနည်မှ ဖတ်ကြားခဲ့သည်။ ဘုန်းတော်ကြီး ဒလိုင်းလားမား၏ ကြေညာချက်တွင် ရိုဟင်ဂျာများအပေါ် နှိပ်ကွပ်နေမှုအပေါ် ၎င်း၏ စိုးရိမ်မကင်းဖြစ်မှုကို သိရှိစေရန် အတွက် မြန်မာအစိုးရခေါင်းဆောင် နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ထံ သီးသန့်ဆက်သွယ်၍ ပြောကြားခဲ့ကြောင်း ရေးသားထားသည်။

ဂျူရီအဖွဲ့တွင် ပါဝင်ကြသူများမှာ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ပညာရှင်တစ်ဦးလည်း ဖြစ်ပြီး၊ လူမျိုးတုန်းသတ်ဖြတ်မှု ဆိုင်ရာ ပညာရှင်များ အဖွဲ့၏ ဥက္ကဌဟောင်း Prof Daniel Feierstein, Khmer Rouge Tribunal မှ Public Affairs Officer ဟောင်း Dr. Helen Jarvis နှင့် ကုလသမဂ္ဂ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း (၁၉၉၄-၁၉၉၈)၊ ၂၀၀၃ ခုနှစ် Gandhi International Peace Award ဆုရှင် Mr. Denis Halliday တို့ဖြစ်ကြသည်။

လန်ဒန်မြို့တွင် Queen Mary University of London ၏ International State Crime Initiative မှ တစ်ရက်ခွဲကြာ ကျင်းပသည့် အစီအစဉ်များသည် အဖွင့်တရားခွင် ကြားနာချက်များ ဖြစ်ပြီး၊ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် အဆုံးသတ်တရားခွင် ကြားနာချက်အတွက် ကျင်းပဦးမည် ဖြစ်ကြောင်း မတ်လ ၇ ရက်နေ့ နေ့လည် ၁၂ နာရီတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ပြည်သူ့ခုံရုံးကို ရိုဟင်ဂျာ၊ ကချင်နှင့် ကမ္ဘာတစ်လွှားရှိ မြန်မာအဖွဲ့အစည်း ၂၀ ကျော်၊ International State Crime Initiative, Queen Mary University of London, Protect the Rohingya (South Africa), Genocide Watch, Burma Task Force USA, မလေးရှားနိုင်ငံမှ The International Movement for a just World နှင့် Centre for Human Rights Research and Advocacy (Centhra) ကဲ့သို့သော လူ့အခွင့်အရေး ကွန်ယက်များနှင့် ကမ္ဘောဒီးယားမှ Youk Chhang ကဲ့သို့သော လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး လှုပ်ရှားသူများမှ အသိအမှတ်ပြု ထောက်ခံအားပေးကြသည်။

ယခုခုံရုံးသည် ပြည်သူများ၏ ကနဦးကြိုးပမ်း စွမ်းဆောင်မှုဖြစ်ပြီး၊ Queen Mary University of London နှင့် တက်ကြွလှုပ်ရှားသူများ ဖြစ်ကြသည့် Mark Sampson, ကိုအောင်၊ လန်ဒန်မြို့ရှိ ရိုဟင်ဂျာအသိုင်းအ၀ိုင်း၊ Burma Task Force USA နှင့် Women Collective for People’s Rights, Lecco, Italy တို့က ရက်ရက်ရောရော ထောက်ခံ ပံ့ပိုးမှုတို့ကြောင့် ဖြစ်တည်လာခြင်း ဖြစ်သည်။ 

မြန်မာအစိုးရ ဒု-သမ္မတ ဦးမြင့်ဆွေ ထိုင်ရန် ထိုင်ခုံ

Permanent People's Tribunal ခုံရုံးက မြန်မာအစိုးရမှ ဒု-သမ္မတ ဦးမြင့်ဆွေအား ခုံရုံးသို့ တက်ရောက်ရန် တရားဝင် ဖိတ်ကြားခဲ့ပြီး၊ သီးသန့် ထိုင်ခုံနေရာ ထားရှိခဲ့သော်လည်း လာရောက်ခြင်း မရှိသည်ကို တွေ့ရသည်။

ဒေါက်တာဇာနည်

Permanent People's Tribunal မှ အထွေထွေအတွင်းရေးမှူးချုပ် Dr. Giani Tognoni

အခမ်းအနားကို မတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ခဲ့ပြီး၊ ဒေါက်တာဇာနည်က အစီအစဉ်များကို ကြေညာပြီးနောက် Permanent People’s Tribunal မှ အထွေထွေအတွင်းရေးမှူးချုပ် Dr. Giani Tognoni က ခုံရုံးနှင့် သက်ဆိုင်သည့် နည်းလမ်းများ အကြောင်း တင်ပြခဲ့သည်။ 

ARNO မှ ကိုယ်စားလှယ် Mr. Ronnie

ကချင်အမျိုးသားအဖွဲ့ (ယူကေ) မှ ဥက္ကဌ Mr. Ringdu Lachung

ထို့နောက် အာရ်ကာန်ရိုဟင်ဂျာအမျိုးသားအစည်းအရုံး (ARNO) မှ ကိုယ်စားလှယ် Mr. Ronnie နှင့် ကချင်အမျိုးသားအဖွဲ့ (ယူကေ) မှ ဥက္ကဌ Mr. Ringdu Lachung ၎င်းတို့၏ လူမျိုးစုအပေါ် မြန်မာအစိုးရနှင့် စစ်တပ်တို့မှ ကျူးလွန်နေသည့် ရာဇ၀တ်မှုများ အကြောင်း တင်ပြခဲ့သည်။

Dr. Mandy Sadan

ကချင်နှစ်ခြင်းခေါင်းဆောင်၏ ဗီဒီယိုမိန့်ခွန်း ပြသနေစဉ်

School of Oriental and African Studies မှ Associate Dean of Research (Art and Humanities), "Being and Becoming Kachin: Histories beyond the State in the Border worlds of Burma (OUP, 2013) စာအုပ်ရေးသားသူ Dr. Mandy Sadan နှင့် Kachin National Organization (UK) ဥက္ကဌ Mr. Ringdu Lachung တို့က ဖိနှိပ်ခံ ကချင်လူမျိုးများ အကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ကချင်နှစ်ခြင်းခေါင်းဆောင်မှ ပြောကြားသည့် ဗီဒီယိုကို ပြသခဲ့သည်။ 

 မြန်မာရိုဟင်ဂျာအသင်း (ယူကေ) ဥက္ကဌ ဦးထွန်းခင်

မြန်မာစစ်တပ်မှ လောင်ချာဖြင့် ပစ်ခတ်မှုကြောင့် ခြေထောက်ပြတ်သွားခဲ့သူအား ဦးထွန်းခင် တွေ့ဆုံမေးမြန်းခဲ့သည့် ဗီဒီယို ပြသနေစဉ် 

မြန်မာရိုဟင်ဂျာအစည်းအရုံး (ယူကေ) ဥက္ကဌ ဦးထွန်းခင် က ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း ၎င်းကိုယ်တိုင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တွေ့ဆုံခဲ့သည့် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့၏ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရသည့် အမျိုးသမီးများနှင့် တွေ့ဆုံမေးမြန်းခဲ့သည့် ဗီဒီယိုများနှင့် အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တွေ့ဆုံခဲ့သည့် ရိုဟင်ဂျာဒုက္ခသည်များ၏ ပြောကြားချက်များကို တင်ပြခဲ့သည်။ 

Rohingya Blogger (RB News) တည်ထောင်သူ ဦးဘစိန် 

ဘူးသီးတောင်မြို့နယ် အစိုးရ အထက်တန်းကျောင်းမှ ကျောင်းဆရာမဟောင်း ဒေါ်ခင်လှ 

Rohingya Blogger (RB News) တည်ထောင်သူ၊ ဘူးသီးတောင်မြို့နယ်တွင် မွေးဖွားကြီးပြင်းပြီး၊ သမ၀ါယမဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဘစိန်နှင့် ဘူးသီးတောင်မြို့နယ် အစိုးရအထက်တန်းကျောင်းတွင် ကျောင်းဆရာမ တာဝန်ထမ်းဆောင်ခဲ့သူ ဒေါ်ခင်လှ တို့က ၁၉၇၈ ခုနှစ်တွင် ဦးနေ၀င်း အစိုးရက နဂါးမင်းစီမံချက် ဆောင်ရွက်ခဲ့ပုံ၊ ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်မှုများကို ရုပ်သိမ်း၍ နိုင်ငံမဲ့ဘ၀သို့ ပို့ခဲ့သည့် အကြောင်းအရာများကို အကျယ်တ၀န့် တင်ပြခဲ့သည်။ 

ရှေ့နေ Mr. Azril Mohammed Amin

မလေးရှားနိုင်ငံ Centhra မှ ရှေ့နေ  Mr. Rosal Azmin Bin Ahmad  

မလေးရှားနိုင်ငံမှ ရှေ့နေ Mr. Azril Mohammed Amin နှင့် ရှေ့နေများက မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ဆုံမေးမြန်းထားသည်များကို ဗီဒီယိုနှင့်တကွ တင်ပြပြီး၊ ၎င်းတို့က ရိုဟင်ဂျာဒုက္ခသည်များ၏ ထွက်ဆိုချက်များ၊ ရှေ့နေများ၏ သုံးသပ်ချက်များကို ဂျူရီအဖွဲ့သို့ ပေးအပ်ခဲ့သည်။

ပါမောက္ခ Michael Charney ၏ ဟောကြားချက် ဗီဒီယိုပြသနေစဉ်

ထို့နောက် SOAS University မှ ပါမောက္ခ Michael Charney မှ Oxford University တွင် ဟောပြောခဲ့သည့် Ethnic identities and claim to indigeneity in Rakhine or Arakan ဗီဒီယိုကို ပြသခဲ့သည်။

ဒေါက်တာဇာနည်က စစ်တပ်အုပ်ချုပ်သည့် မြန်မာနိုင်ငံအကြောင်း၊ ရိုဟင်ဂျာ၊ ကချင်နှင့် အခြားသော လူမျိုးစုများအပေါ် ဖိနှိပ်ရာတွင် ပါဝင်နေသည့် စစ်တပ်၏ အခန်းကဏ္ဍအကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် က ကချင်လူမျိုးနှင့် ရိုဟင်ဂျာလူမျိုးများအား စစ်တပ်မှ အကြမ်းဖက်သည်ကို ရှုတ်ချရန် ပျက်ကွက်မှုများ၊ ရိုဟင်ဂျာ လူမျိုးအမည်ကို မသုံးစွဲရန် အမေရိကန်သံရုံးနှင့် ကုလသမဂ္ဂတို့ကို ပြောကြားခဲ့သည်များကို အသေးစိတ် အကျယ်တ၀န့် ဆွေးနွေးတင်ပြခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ သတင်းစာရှင်းလင်းပွဲ ဗီဒီယို ပြသနေစဉ်

ဖေဖော်ဝါရီလ (၃) ရက်နေ့က ဆွဇ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်စစ်ဆေးခဲ့သည့် တွေ့ရှိချက်များကို ပြောကြားခဲ့ပြီး၊ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရိုဟင်ဂျာများ ကြုံတွေ့ရသည့် အခြေအနေမှန်ကို ပြောကြားခဲ့သည့် ဗီဒီယိုကို ခုံရုံးမှ ဂျူရီများ သိရှိစေရန် ပြသခဲ့သည်။

ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင် မှ ရေးသားပေးပို့ခဲ့သည့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများ အကြောင်း၊ အပြစ်မဲ့ ရိုဟင်ဂျာ ပြည်သူများကို သတ်ဖြတ်မှုများ၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို မုဒိမ်းကျင့်မှုများ၊ နေအိမ်များ မီးရှို့ဖျက်ဆီးမှုများ အကြောင်းကို ဦးထွန်းခင် က ဖတ်ကြားခဲ့သည်။ 

Professor Penny Green

Mr. Fahmi Bin Moin

Dr. Tomas MacManus

မတ်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် လျှောက်လဲချက်များ၊ လုပ်ထုံးလုပ်နည်းနှင့် အညီ စွဲချက်များကို International State Crime Initiative မှ ပါမောက္ခ Penny Green နှင့် Dr. Tomas MacManus, Fahmi Bin Moin တို့က တင်ပြခဲ့သည်။ 

ဂျူရီအဖွဲ့ (၀ဲမှယာ) Mr. Denis Halliday, Dr. Helen Jarvis, Prof Daniel Feierstein  

ထို့နောက် ဂျူရီအဖွဲ့ဝင်များနှင့် Permanent People’s Tribunal ခုံရုံး အဖွဲ့ဝင်များ၏ နိဂုံးချုပ်မှတ်ချက်များ၊ အကြံပြုချက်များ ထုတ်ပြန်ပြီးနောက် သတင်းစာရှင်းလင်းပွဲကို နေ့လည် ၁၂ နာရီထိ ကျင်းပခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် ၂၀၁၇ ခုနှစ်အတွင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပရန် ရှိသည့် အဆုံးသတ် တရားခွင်နှင့် ဂျူရီဆုံးဖြတ်ချက် အကြောင်းများကို ကြေညာခြင်း၊ Permanent People’s Tribunal ခုံးရုံး၏ စွဲဆိုချက်နှင့် ပထမအကြိမ် ကျင်းပသည့် ခုံးရုံး တရားခွင် အကြောင်း အနှစ်ချုပ်များ ကြေညာခဲ့သည်။ 




ဒလိုင်းလားမား၏ ကြေညာချက် ဖတ်ကြားခြင်း၊ Harvard University မှ ပါမောက္ခ နိုဗယ်ဆုရှင် Amartya Sen ၏ ရိုဟင်ဂျာများကို တဖြည်းဖြည်းမျှင်းပြီး မျိုးတုန်းအောင် သတ်ဖြတ်မှု အကြောင်း ပြောကြားထားသည့် ဗီဒီယိုကို ပြသခြင်းများ ပြုလုပ်ပြီးနောက် တက်ရောက်လာသည့် သတင်းဌာနများ၏ မေးမြန်းချက်များကို ဂျူရီအဖွဲ့ဝင်များ၊ Burma Task Force USA မှ Mr. Malik Mujahid, ရိုဟင်ဂျာကိုယ်စားလှယ် ဦးထွန်းခင်နှင့် ကချင်ကိုယ်စားလှယ် Ms. Kai Htang Lashi တို့က ဖြေကြားခဲ့သည်။

ပြည်သူ့ခုံရုံးနှင့် ပတ်သက်သည့် အချက်အလက်များကို www.TribunalOnMyanmar.org Website တွင် ၀င်ရောက် လေ့လာနိုင်ပါသည်။


Comment ရေးရန်

Rohingya Exodus