နောက်ဆုံးသတင်း/ဆောင်းပါးများ

BRAJ မှ ဂျပန်နိုင်ငံခြားရေးဌာနသို့ သွားရောက်၍ ရိုဟင်ဂျာများ၏ လက်ရှိအခြေအနေများကို အစီရင်ခံ




RB News
22.3.2017

တိုကျို၊ ဂျပန် ။ ။ မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) BRAJ မှ ဥက္ကဌ ဦးဟာရွန်ရော်ရှိတ်နှင့် ဒုက္ခသည်များ ဌာနမှူး ဦးအောင်တင် တို့သည် မတ်လ (၂၁) ရက်နေ့တွင် ဂျပန်နိုင်ငံခြားရေးဌာနသို့ သွားရောက်၍ အရှေ့တောင်အာရှရေးရာဌာနမှ လက်ထောက်ညွန်ကြားရေးမှူးများ ဖြစ်ကြသည့် Mrs Yoko Takushima, Mr Kota Watanabe နှင့် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာ ထောက်ထားရေးအဖွဲ့မှ Ms Chizuru Yamanoto တို့နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံသား ရိုဟင်ဂျာများ၏ အရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

BRAJ အဖွဲ့က ၁၉၉၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံသား ရိုဟင်ဂျာများ၏ အမျိုးသားမှတ်ပုံတင်ကဒ်များကို သိမ်းဆည်းပြီး ယာယီအဖြူကဒ်များ ထုတ်ပေးကာ အခြေခံလူ့အခွင့်အရေးများ အားလုံး ဆုံးရှုံးခဲ့ရခြင်း၊ ၂၀၁၂ ခုနှစ်တွင် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက်၌ အစွန်းရောက်များနှင့် ပူးပေါင်း၍ ရိုဟင်ဂျာများ၏ နေအိမ်များကို မီးရှို့၍ ဒုက္ခသည်စခန်းများသို့ တွန်းပို့ကာ ယနေ့ထိ ရိုဟင်ဂျာဒုက္ခသည် တစ်သိန်းခွဲခန့် ဆိုးရွားသည့် ဒုက္ခသည်စခန်းများတွင် နေထိုင်နေရခြင်း၊ ၂၀၁၅ ခုနှစ်တွင် ရိုဟင်ဂျာများ၏ မဲပေးပိုင်ခွင့်နှင့် အရွေးခံပိုင်ခွင့်များ ဆုံးရှုံးခဲ့ရခြင်း၊ NVC ကဒ်နှင့် ပတ်သက်၍ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေတွင် မပါဘဲ အစ္စလာမ်ဘာသာဝင်များကိုသာ ရွေး၍ အတင်းအဓမ္မ ပေးနေခြင်းတို့အကြောင်းများ အပြင် ကိုဖီအာနန် ဦးဆောင်သည့် အကြံပေး ကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာနှင့် ပတ်သက်၍ အကျယ်တ၀န့် ဆွေးနွေးခဲ့သည်။ 

ဂျပန်နိုင်ငံခြားရေးဌာနမှ အရာရှိများက ယခင်ပေးခဲ့သည့် ကတိများအတိုင်း လူသားချင်းစာနာသော အထောက်အပံ့ အကူအညီများကို NGO များမှတဆင့် မြန်မာနိုင်ငံတွင်း ပေးနေကြောင်း၊ လူ့အခွင့်အရေးနှင့် ပတ်သက်၍လည်း မြန်မာအစိုးရအား အမြဲပြောဆိုလေ့ရှိသည်ဟု ပြောပါသည်။

BRAJ က အချက်အလက်များ စုံစုံလင်လင်ပါဝင်သည့် စာတစ်စောင်ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးထံသို့ အရာရှိများမှ တဆင့် ပေးခဲ့သည်။ 

ဂျပန်နိုင်ငံတွင်း နေထိုင်နေကြသည့် ဗီဇာမရသေးသည့် မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အမြန်ဆုံး ဗီဇာရရှိရေးအတွက် ဆွေးနွေးတင်ပြရာ၊ အဆိုပါကိစ္စကို တရားရေးရုံးနှင့် လ.၀.က ရုံးများသို့ တင်ပြရန်အတွက် အရာရှိများက အကြံပြုသောကြောင့် မြန်မာနိုင်ငံသား ရိုဟင်ဂျာများ၏ စာရင်းကို ဂျပန်တရားရေးရုံးသို့ ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။ 

Comment ရေးရန်

Rohingya Exodus