နောက်ဆုံးသတင်း/ဆောင်းပါးများ

တင်းမေရွာတွင် အပြစ်မဲ့ရွာသားများကို ဖမ်းဆီးနေသောကြောင့် တစ်ရွာလုံး ထွက်ပြေးရန် စီစဉ်လျက်ရှိ

MYARF
RB News
1.4.2017

ဘူးသီးတောင် ။  ။  ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာအုပ်စုမှ အပြစ်မဲ့ ဒေသခံရွာသားများကို ဖမ်းဆီးလျက်ရှိနေသောကြောင့် တစ်ရွာလုံး ထွက်ပြေးရန် စီစဉ်လျက်ရှိကြောင်း၊ တင်းမေရွာ ပြိုပျက်သွားမည့် အခြေအနေ ဖြစ်နေကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့နယ်၊ တင်းမေကျေးရွာအုပ်စုမှ ဒေသခံရွာသား (၁၇) ဦးကို မတ်လအစောပိုင်းမှ စတင်၍ သုံးရက်တိုင်တိုင် မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့သည်။ 

ဒေသခံတစ်ဦးက “ဖမ်းသွားတုန်းက မသင်္ကာမှုနဲ့၊ စခန်းသွင်း စစ်ဆေးတာမှ သစ်ဝါးလိုခုတ်၊ တိရိစ္ဆာန်လို ထိုးဖုတ်တာကြောင့် မခံနိုင်တဲ့အဆုံးမှာ အာဏာပိုင်တွေ စာစီကုံးထားတဲ့ ဇတ်လမ်း ၀တ္တုပေါ်မှာ လက်မှတ်ထိုးပေးပြီး ဘ၀ကို အာဏာပိုင်တွေရဲ့ အလိုကျ အကျဉ်းထောင်ကို ပေးအပ်လိုက်ရတယ်လို့ ဖမ်းခံရထားသူများရဲ့ မိသားစုဝင်များက ပြောပါတယ်” ဟု RB News သို့ပြောပါသည်။ 

ဒေသခံရွာသား (၁၇) ဦးကို ဖမ်းဆီးထားပြီး (၃၆) ဦးကို တရားခံပြေးများ ကြေညာထားကြောင်း၊ စစ်သားများနှင့် နယ်ခြားစောင့်ရဲများက နေ့ညမပြတ် ကင်းလှည့်စောင့်နေကြည့်သောကြောင့် ရွာသားများ စားမ၀င်အိပ်မရ ဆောက်တည်ရာမရ ဖြစ်နေချိန်တွင် ကျေးရွာတာဝန်ခံကို သတ်ဖြတ်သူများအား လက်နက်ကိုင် အာဏာပိုင်များက မဖမ်းနိုင်ခဲ့သည်ကို အပြစ်မဆိုဘဲ လက်နက်မဲ့ ရွာသူရွာသားများကိုသာ မဖမ်းနိုင်ခဲ့သည့် အတွက် အပြစ်ပေးမည်ဟု ဆိုကာ ယနေ့ ဧပြီလ (၁) ရက်နေ့တွင် ကျေးရွာတာဝန်ခံ၏ အိမ်နီးချင်း အမျိုးသမီး (၅) ဦးနှင့် အမျိုးသား (၁၅) ဦးတို့ကို ဖမ်းဆီး၍ ကျင်းတောင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောပါသည်။

တင်းမေရွာသားများသည် နဂိုကတည်းက မဟုတ်မမှန် ဖန်တီးဇတ်လမ်းတစ်ပုဒ်၏ သားကောင်များ ဖြစ်ခဲ့ရသည်ကို ယူကြုံးမရဖြစ်နေချိန်တွင် ထပ်မံ၍ တစ်ပူပေါ်နှစ်ပူဆင့် ဆိုသလို နောက်ထပ်ရွာသားများ အဖမ်းခံရမည်ကို စိုးရိမ်လျက်ရှိပြီး ရွာလုံးကျွတ် ထွက်ပြေးရန် စီစဉ်နေကြောင်း၊ တင်းမေရွာ လုံးဝ ပြိုပျက်သွားမည်ကို စိုးရိမ်လျက်ရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရပါသည်။ 



Comment ရေးရန်

Rohingya Exodus