နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော ဒိုးတန်းမှ အပြစ်မဲ့ ရွာသား (၁၁) ဦးကို ဖမ်းဆီးထား



Rohingya Eye
RB News
1.4.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဒိုးတန်းကျေးရွာကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ၀န်းရံပိတ်ဆို့ပြီး အပြစ်မဲ့ဒေသခံရွာသားများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိပါသည်။ 

မတ်လ (၃၁) ရက်နေ့ နံနက်အာရုဏ်တက်အချိန်တွင် မောင်တောမြို့နယ်မြောက်ပိုင်း ဒိုးတန်းကျေးရွာကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ၀န်းရံပိတ်ဆို့ခဲ့ပြီး၊ နံနက် (၇) နာရီ အချိန်တွင် နယ်မြေ (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်မြေမှူး ဦးဆောင်၍ တစ်အိမ်တက် တစ်အိမ်ဆင်း နေအိမ်များကို စစ်ဆေးခဲ့ပြီး၊ အမျိုးသား နှစ်ရာကျော်ကို မူလတန်းကျောင်းသို့ ခေါ်ဆောင်သွားပြီး စုဝေးခဲ့သည်။ ဒိုးတန်းမြောက်ရွာမှ အီဒိရိစ် (ဘ) ဦးမိုဟာမတ်ဟာရှိမ်း (အသက် ၁၈ နှစ်) နှင့် အော်လီအူလ္လာ (ဘ) ဦးဆွေတာမီးန် (အသက် ၂၅ နှစ်) တို့ကို နေအိမ် အသီးသီးမှ လက်ထိပ်ခတ်၍ ခေါ်ဆောင်သွားခဲ့သည်။ လူနှစ်ရာကျော်စုဝေးထားသည့် နေရာတွင် ရွာသား (၁၀) ဦးကျော်ကို လက်ထိပ်ခတ်၍ စစ်ဆေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

လွန်ခဲ့သည့် အပတ်က ရှော်ဖိခ် (အသက် ၂၀ နှစ်) ကို သတ်ဖြတ်မှုနှင့် စပ်လျဉ်း၍ မိသားစုဝင်များ၏ မမှန်မကန် ထွက်ဆိုချက်ကြောင့် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့က အင်အား အလွန်အကျွံသုံး၍ ရွာထဲသို့ ၀င်ရောက်စီးနင်းခြင်း ဖြစ်သည်ဟု ဒေသခံများက ယူဆလျက် ရှိနေကြသည်။ 

ယင်းနေ့ နေ့လည်ပိုင်းတွင် သက်ကြီးရွယ်အိုများကို နေအိမ်များသို့ ပြန်ခွင့်ပေးခဲ့သော်လည်း လူငယ်များကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။ 

အော်လီအုလ္လာ (ဘ) ဦးဆွေတာမီးန် (အသက် ၂၅ နှစ်) ကို ညနေ ၅ နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သော်လည်း အီဒိရိစ် အပါအ၀င် ရွာသား (၁၁) ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။ 

အီဒိရိစ်ကို လူမဆန်စွာ ရိုက်နှက်ခဲ့သောကြောင့် ကားပေါ်သို့ ရဲနှစ်ဦးက ထမ်း၍ တင်ခဲ့ရကြောင်း၊ ၎င်း၏ ကျန်းမာရေး အခြေအနေ အလွန်ဆိုးဝါးနေကြောင်း မျက်မြင်သက်သေများက ပြောပါသည်။ 

ဖမ်းဆီးခံရသူ (၁၁) ဦးမှာ --

(၁) အီဒိရိစ် (ဘ) ဦးမိုဟာမတ်ဟာရှိမ်း (အသက် ၁၈ နှစ်)
(၂) ယာစီးန် (ဘ) ဦးမာမတ်ဒူလ္လာ (အသက် ၁၈ နှစ်)
(၃) ဟူဆောင်း (ဘ) ဦးဆွေယာ့ဒူလ္လာ (အသက် ၂၂ နှစ်) 
(၄) ဘော်နီအာမီးန် (ဘ) ဦးဖောရာန် (အသက် ၂၃ နှစ်)
(၅) အဒူလ်အာမီးန် (ဘ) ဦးအဒူမာလဲခ် (အသက် ၂၅ နှစ်)
(၆) ဦးဇာဖော်ရ် (ဘ) ဦးရှော်ရီသ်အူလ္လာ (အသက် ၃၂ နှစ်)
(၇) ဦးမာမတ်ဒူလ္လာ (ဘ) ဦးမိုဟာမတ် (အသက် ၄၅ နှစ်)
(၈) ဦးဒေါလ္လာ (ဘ) ဦးအဒူရာမာန် (အသက် ၃၂ နှစ်)
(၉) ဦးဆော်လိမ် (ဘ) ဦးဇော်ခေါ်ရီ (အသက် ၂၅ နှစ်)
(၁၀) ရော်ဖိခ် (ဘ) ဦးဇော်ခေါ်ရီ (အသက် ၂၃ နှစ်)
(၁၁) ဖော်ရီသ် (ဘ) ဦးဇော်ခေါ်ရီ (အသက် ၁၈ နှစ်) -- တို့ဖြစ်ကြသည်။

ဖမ်းဆီးခံရသူ၏ မိသားစုများက စစ်ကြောရေးတွင် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံရမည်ကို စိုးရိမ်လျက် ရှိနေကြကြောင်း ဒေသခံများက ပြောပါသည်။ 

Comment ရေးရန်

Rohingya Exodus