နောက်ဆုံးသတင်း/ဆောင်းပါးများ

မင်းခမောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသို့ ယာယီတာဝန်ဖြင့် ရောက်ရှိနေသည့် ကင်းစခန်းမှူးက ဒေသခံများထံမှ ငွေညှစ်

MYARF
RB News
19.4.2017

ခမောင်းဆိပ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ခမောင်းဆိပ်မြို့ ၊ မင်းခမောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသို့ အောင်ဇူ နယ်မြေရုံးမှ ယာယီတာဝန်ဖြင့် ရောက်ရှိလာသော ယာယီစခန်းမှူး ဒုရဲအုပ်သည် ဒေသခံရွာသားများထံမှ နေ့စဉ် ငွေသိန်းချီ ညှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မင်းခမောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသို့ စခန်းမှူးအဖြစ် ယာယီ တာဝန်ထမ်းဆောင်ရန် ရောက်ရှိနေသည့် ဒုရဲအုပ်သည် မင်းခမောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်နှင့် မကျီးချောင်းကျေးရွာ ရာအိမ်မှူးဖြစ်သူ ဦးနူရ်အစ္စလာမ်တို့နှင့် ပူးပေါင်း၍ ဒေသခံရွာသူရွာသားများကို အပြစ်မရှိ အပြစ်ရှာ၍ ဖမ်းဆီးခေါ်ဆောင်သွား၍ စခန်းတွင် ခြောက်ပေါက် ထည့်သွင်းပြီး၊ အမျိုးသမီးများပါမကျန် ရိုက်နှက်နှိပ်စက် ခြိမ်းခြောက်ပြီး အတင်းအဓမ္မ ငွေညှစ်လျက်ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဧပြီလ (၁၄) ရက်နေ့ တစ်ရက်တည်းတွင် ဦးဟာဖီးဇ်မာမတ်ရော်ဖိခ် (ဘ) ဦးအော်လီအာမတ် ထံမှ ငွေကျပ် (၆) သိန်း၊ ဦးနာဇိရ်ဟူစိန်း (ဘ) ဦးမူဇေရ်မျာ ထံမှ ငွေကျပ် (၃) သိန်း၊ ဒေါ်တော်ယိုဘာဘေဂမ် (ဘ) ဦးအာမီးရ်ဟူစိန်းနှင့် အပေါင်းအပါ (၄) ဦးထံမှ ငွေကျပ် (၈) သိန်း၊ ဒေါ်ဟာမီဒါခါတူ (ဘ) ဦးဟူစိန်းအလီ ထံမှ ငွေကျပ် တစ်သိန်းခွဲ ညှစ်ယူခဲ့ကြောင်း၊ ထို့အပြင် ဒေါ်ဒေါလူ (ဘ) ဦးအဒူဇော်လိလ်ပိုင် န.တ.လ လယ်မြေများ အနီးရှိ လယ်မြေ ၀.၂၀ ဧက ကို မကျီးချောင်းကျေးရွာအုပ်စု မြေတိုင်းစာရေးနှင့် ပူးပေါင်း၍ အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်က မတရားသဖြင့် သိမ်းယူပြီး လွန်ခဲ့သော ၂၅ နှစ်က ကျူးကျော်ခဲ့သည်ဟု ဆိုကာ ဒဏ်ငွေအဖြစ် ခေါင်းစဉ်တပ်၍ ငွေကျပ် (၁၂) သိန်း ညှစ်ယူခဲ့ကြောင်း၊ လယ်မြေ ပိုင်ရှင် အမျိုးသမီးသည် ညှဉ်းပန်းနှိပ်စက်မှု ဒဏ်ကို မခံနိုင်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြောင်း၊ ယာယီစခန်းမှူး တာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ်သည် ယင်းကင်းစခန်းတွင် တစ်လခန့် ဆက်လက်၍ တာဝန်ထမ်းဆောင်မည် ဆိုပါက တစ်ရွာလုံး ထွက်ပြေးသွားရမည့် အခြေအနေ ဖြစ်လာနိုင်သည်ဟု ဒေသခံများက ပြောပါသည်။




Comment ရေးရန်

Rohingya Exodus