နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောခရိုင်တွင် နယ်ခြားစောင့်ရဲများက ငွေညှစ်မှုများ နေ့စဉ် ပြုလုပ်နေဟု ဒေသခံများပြော

MYARF
RB News
23.4.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင် ယခုတလော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ဒေသခံများထံမှ ငွေညှစ်သောင်းကျန်းမှုများ ပိုမိုပြုလုပ်လာနေကြောင်း သတင်းရရှိပါသည်။

မောင်တောခရိုင်အတွင်း တာဝန်ကျနေသည့် နယ်ခြားစောင့်ရဲများသည် အများအားဖြင့် ရခိုင်လူငယ်များဖြစ်ပြီး န.စ.က ရုတ်သိမ်းပြီးနောက်ပိုင်းတွင် ချုပ်မိန့်နှင့် ပစ်မိန့်နှစ်ခုစလုံးကို ရရှိထားသည့် ယခင်က တစ်ခါကမှ မရှိခဲ့ဘူးသော အာဏာကုန်ရ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်လာနှင့်အညီ ရရှိထားသည့် အာဏာကို အလွဲသုံးစားပြုလုပ်၍ ဒေသခံ ရိုဟင်ဂျာများကို ညှဉ်းပန်းနှိပ်စက်ငွေညှစ်မှုများ နေ့စဉ် အဆက်မပြတ် ပြုလုပ်လာခဲ့ရာ ယခုတစ်ဖန် နယ်မြေရှင်းလင်းရေး ကာလ နောက်ပိုင်းတွင် ငွေညှစ်မှုများ နေရာအနှံ့တွင် ပိုမိုများပြားလာနေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဧပြီလ (၂၀) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် ကကျက်ဘက်ကံပြင် ကျေးရွာအုပ်စု၊ တပ်ရာရွာသို့ ဘူးသီးတောင် သင်္ဘောဆိပ်မှ နယ်ခြားစောင့်ရဲများ သွားရောက်ပြီး အကြောင်းပြချက် တစ်စုံတစ်ရာမပြောဘဲ လမ်းခွဆုံရှိ လဘက်ရည်ဆိုင်သို့ ၀င်ရောက်ပြီး လဘက်ရည်ဆိုင်တွင်းတွင် ထိုင်နေသူများနှင့် လဘက်ရည်ဆိုင် ပိုင်ရှင်ကို ရှာဖွေ စစ်ဆေးခဲ့သည်။ နောက်ဆုံးတွင် MPT ဆင်းမ်ကဒ်ဖြင့် ဖုန်းကိုင်ဆောင်ထားသူ ရှားဘုဒ္ဒိန် (ဘ) ဦးဇော်မီရိုဒ္ဒိန် (အသက် ၁၈ နှစ်) ကို လက်ထိပ်ခတ် ဖမ်းဆီး၍ စခန်းသို့ ခေါ်ဆောင်သွားပြီး အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်းနှစ်သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

နယ်ခြားစောင့်ရဲများက အကြမ်းဖက်မှုတွင် ပါဝင်သူနှင့် အကြမ်းဖက်သမားများကို ကျွေးမွေးသူ ဟူ၍ စွပ်စွဲမှုများ ပြုလုပ်၍ အပြစ်မဲ့ ရိုဟင်ဂျာများထံမှ ငွေညှစ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ ဘူးသီးတောင် မြောက်ပိုင်း ကျင်းတောင်၊ တောင်ဘဇာ၊ ညောင်ချောင်း၊ စေတီပြင်၊ ဖုံညိုလိပ်၊ မောင်တောတွင် ခမောင်းဆိပ်၊ တမန်းသား၊ ကြိမ်ချောင်း၊ ငါးခူရ၊ ကျီးကန်းပြင်၊ မင်္ဂလာကြီး၊ မကျီးချောင်း၊ အလယ်သံကျော်၊ မြင်းလွတ်၊ အင်းဒင်၊ သ၀န်ချောင်းနှင့် ရသေ့တောင်တွင် ကိုးတန်ကောက် စသော အရပ်ဒေသများတွင် နေ့စဉ်နှင့်အမျှ ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။



Comment ရေးရန်

Rohingya Exodus