နောက်ဆုံးသတင်း/ဆောင်းပါးများ

ရသေ့တောင် ချိန်ခါလီမှ ရွာသား (၁၅) ဦးကို နယ်ခြားစောင့်ရဲများနှင့် ရာအိမ်မှူးများက ဖမ်းဆီး၍ ငွေညှစ်



RB News
3.4.2017

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ထင်းခုတ်၍ ပြန်လာသည့် ချိန်ခါလီ ရိုဟင်ဂျာရွာမှ ရွာသား (၁၅) ဦးကို နယ်ခြားစောင့်ရဲများနှင့် ရာအိမ်မှူးများက ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဧပြီလ (၂) ရက်နေ့တွင် ရသေ့တောင်မြို့နယ် ချိန်ခါလီ ရိုဟင်ဂျာကျေးရွာမှ ဆင်းရဲသား ရွာသားအချို့သည် ရွာ၏ အရှေ့ဘက်ရှိ တောင်မှ သစ်၊ ၀ါး၊ ထင်းများခုတ်ပြီးနောက် ပြန်လာစဉ် ချိန်ခါလီရခိုင်ရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ဒုရဲအုပ်နှင့် ချိန်ခါလီ ရိုဟင်ဂျာရွာမှ ရာအိမ်မှူးများ ဖြစ်ကြသည့် ဦးရိုရှိတ် (ဘ) ဦးဖေရင်နှင့် ဦးဖူတူနာ (ခ) အဒူမာလဲခ် (ဘ) ဦးဆော်လာမတ် တို့က ဆင်းရဲသား ရွာသားများ ခုတ်လာသည့် ၀ါး၊ သစ်၊ ထင်းများနှင့်အတူ ဖမ်းဆီး၍ စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

ဖမ်းဆီးခံရသည့် ရွာသားများ၏ မိဘများက ၎င်းတို့၏ သားသမီးများ ဖမ်းဆီးခံထားရသည်ကို ကြားသိပြီးနောက် ရာအိမ်မှူးများထံသို့ အသနားခံခဲ့ရာ ရာအိမ်မှူးများက လူတစ်ဦးလျှင် ငွေကျပ် ၅၀၀၀/- စီပေးပါက တာဝန်ယူဖြေရှင်းပေးမည်ဟု ပြောကြားခဲ့သည်။ 

ဖမ်းဆီးခံရသူများ ထမ်းလာသည့် သစ်၊ ၀ါး၊ ထင်းများ ပြန်ရောင်းလျှင် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀/- စီသာ ရမည် ဖြစ်သော်လည်း၊ နံနက် (၇) နာရီ အချိန်မှ စ၍ အစားအသောက်မစားဘဲ ထင်းခုတ်ပြီးနောက် ပြန်လာစဉ် ဖမ်းဆီးခံရပြီး နေ့လည် (၃) နာရီထိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းတွင် ချုပ်နှောင်ခံထားရသည်ကို မိဘများက စိုးရိမ်၍ နောက်ဆုံးတွင် ၁၅ ဦးအတွက် ငွေကျပ် ၇၅၀၀၀/- ကို ရာအိမ်မှူးများထံ ပေးအပ်၍ ဖမ်းဆီးခံရထားရသူများကို ပြန်လည် ရွေးယူခဲ့ရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

၎င်းတို့အား နယ်ခြားစောင့်ရဲများက တိုက်ရိုက် ဖမ်းဆီးခြင်းမဟုတ်ဘဲ ရာအိမ်မှူးများက ငွေညှစ်ရန် အတွက် နယ်ခြားစောင့်ရဲများအား ဖမ်းဆီးခိုင်းခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ အဆိုပါ ရာအိမ်မှူး နှစ်ဦးသည် ယခင်ကတည်းက ရွာသူရွာသားများကို မကြာခဏ ဒုက္ခပေးကြသူများ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ 

Comment ရေးရန်

Rohingya Exodus