နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်နှမ ကျေးရွာရှိ မူလွန်ကျောင်းတွင် တပ်စွဲထားသည့် စစ်သားများ၏ လုပ်ဆောင်မှုများကြောင့် ဒေသခံများ စိုးရိမ်နေ

Rohingya Eye
RB News
29.4.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မောင်နှမ ကျေးရွာအုပ်စုရှိ မူလွန်ကျောင်းတွင် တပ်စွဲထားသည့် စစ်သားများ၏ လုပ်ဆောင်မှုများကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း မောင်နှမကျေးရွာအုပ်စုရှိ အစိုးရ မူလတန်းလွန်ကျောင်းတွင် ဧပြီလ (၂၅) ရက်နေ့မှစ၍ စစ်သား (၄၅) ဦးက စခန်းချထားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရပါသည်။ 

မောင်တောမြို့နယ်တွင် ည (၉) နာရီမှ နံနက် (၅) နာရီထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားသော်လည်း အဆိုပါ စစ်သားများ ရောက်ရှိလာသည့်နေ့မှစ၍ ည (၇) နာရီမှ နံနက် (၅) နာရီထိ အိမ်အပြင်မထွက်ရ အမိန့် ထုတ်ပြန်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အဆိုပါ စစ်သားများသည် ရွာထဲသို့ အချိန်မတော်ဝင်ရောက်၍ အိမ်ရှင်များကို အသိမပေးဘဲ သရက်ပင်များမှ သရက်သီးများကို စိတ်တိုင်းကျ ခူးယူခြင်း၊ အုန်းပင်မှ အုန်းသီးများ ခူးယူခြင်းများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောပါသည်။ 

ထို့အပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ထံမှ နေ့စဉ် ဓါတ်ဆီ ၄ လီတာ၊ ထင်းများနှင့် ရေသန့်ဘူးများ ပေးနေရကြောင်း သိရှိရသည်။ 

“လူငယ်တွေ ကျောင်းရှေ့ကနေ ဖြတ်သွားရင် စစ်သားတွေက ခေါ်စစ်တယ်။ အခုဆိုရင် လူတွေက စိုးရိမ်တကြီးနဲ့ သွားလာနေရတယ်။ ဒီထက်မက ပိုဆိုးလာမှာ စိုးရိမ်နေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 




Comment ရေးရန်

Rohingya Exodus