နောက်ဆုံးသတင်း/ဆောင်းပါးများ

မတရားဖမ်းဆီးခံ အကျဉ်းသား အချို့ ကို အတင်းအဓမ္မ NVC ပေးပြီးမှ ပြန်လွှတ်

Rohingya Eye
RB News
25.4.2017

မောင်တော ။ ။ ရခိုင်ပြည်နယ် အ၀န်းရှိ အကျဉ်းထောင်များတွင် မတရားသဖြင့် အကျဉ်းကျခံနေရသည့် ရိုဟင်ဂျာ အကျဉ်းသား အချို့ ပြန်လည် လွတ်မြောက်လာသော်လည်း ၎င်းတို့အား NVC ကဒ်ထုတ်ပေးပြီးနောက် ပြန်လည် လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။ 

ဧပြီလ (၁၂) ရက်နေ့တွင် မြန်မာနိုင်ငံ အ၀န်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၁၈၀၀ ကျော်ကို အကျဉ်းထောင် လက်စွဲဥပဒေအရ အကျဉ်းထောင်အတွင်း ကောင်းမွန်စွာ နေထိုင်သူများကို ပြစ်ဒဏ်ရက်များ လျှော့ပေးပြီး လွှတ်ပေးခဲ့သည်။ ဘူးသီးတောင် အကျဉ်းထောင်မှ ရိုဟင်ဂျာမွတ်စလင် အချို့ကို လွှတ်ပေးခဲ့သည်။ ၎င်းတို့မှာ --

(၁) ဦးယာယာ (ဘ) ဦးအော်လီအာမတ် (အသက် ၄၅ နှစ်) -- ပဒင်းကျေးရွာမှ
(၂) ဦးအာလာမ်အူဒင် (ဘ) ဦးဆွေတာမောက် (အသက် ၄၅ နှစ်) -- ပဒင်းကျေးရွာမှ
(၃) မာမတ်ရော်ဖိခ် (ဘ) ဦးမာမတ်တာဟဲရ် (အသက် ၂၃ နှစ်) -- ကျီးကန်းပြင်တောင်ရွာမှ
(၄) မာမတ်ရှာကဲရ် (ဘ) ဦးအီဆာခ် (အသက် ၁၈ နှစ်) -- ကျီးကန်းပြင်တောင်ရွာမှ -- တို့ဖြစ်ပြီး၊ ၎င်းတို့သည် ထောင်ဒဏ် (၆) လစီ ချမှတ်ခံခဲ့ရပြီး လျှော့ရက်ဖြင့် လွတ်မြောက်လာမည့် စာရင်းတွင် ပါသော်လည်း NVC ကဒ် လက်ခံမှသာ လွှတ်ပေးမည်ဟု ဆိုသဖြင့် NVC ကဒ် လက်ခံပြီးမှ လွတ်မြောက်လာခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

လွန်ခဲ့သည့် မတ်လတွင် ပေါက်တောမြို့နယ် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ (၁၅) ဦးသည် စက်လှေတစ်စီးဖြင့် ဆေးကုသရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်နေစဉ် မြန်မာရေတပ်က ဖမ်းဆီး၍ မကျီးချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ အပ်နှံခဲ့သည်။ ၎င်းတို့အား NVC ကဒ် အတင်းအဓမ္မ ပေးအပ်ပြီးနောက် တရားရုံးမှ တရားသေလွှတ်ပေးခဲ့သည်။ 

စစ်တွေ အကျဉ်းထောင်မှ လွတ်ရက်စေ့၍ နေရပ်သို့ ပြန်သူများကိုလည်း NVC ကဒ် လက်ခံမှသာ အာဏာပိုင်များက နေရပ်သို့ ပြန်လည် ပို့ဆောင်ပေးနေကြောင်း စုံစမ်းသိရှိရသည်။ 

“အရင် စစ်အစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေကို နောက်နောင် နိုင်ငံရေး မလုပ်ဘူး လို့ ခံဝန်ထိုးခိုင်းပြီးမှ လွှတ်ပေးသလိုမျိုး အခု ဒီမိုကရေစီ အစိုးရက ရိုဟင်ဂျာတွေကို NVC ယူမှ လွှတ်ပေးမယ်လို့ လုပ်နေလေတော့ ယခင် စစ်အစိုးရရဲ့ ၀ါဒနဲ့ အခု ဒီမိုကရေစီအစိုးရရဲ့ ၀ါဒက ဘာမှ မကွဲပြားဘူး” ဟု လူ့အခွင့်အရေးလှုပ်ရှားသူ တစ်ဦးက ဝေဖန် ပြောဆိုသည်။ 


Comment ရေးရန်

Rohingya Exodus