နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် မြောက်ပိုင်း တာဝန်ကျ ခမရ ၅၅၂ တပ်ရင်းမှူးက ဒေသခံများကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်

MYARF
RB News
3.5.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ယင်းမကျေးရွာသို့ နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေး တာဝန်တို့ဖြင့် ရောက်ရှိနေသည့် ခမရ (၅၅၂) မှ တပ်ရင်းမှူးက လက်ကိုင်တုတ် တပည့်များကို အသုံးပြု၍ ရွာသားများထံမှ ငွေညှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။ 

မေလ (၁) ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် ခမရ (၅၅၂) မှ တပ်ရင်းမှူးသည် ၎င်း၏ လက်ကိုင်တုတ် တပည့်ဖြစ်သူ မောင်လှရွှေ (ဘ) ဦးဇူဟူးရိုဒိန်ကို ရွာသား (၄) ဦးအား ဆင့်ခေါ်ခိုင်းပြီး အမျိုးမျိုး ခြိမ်းခြောက်ကာ ငွေကျပ် ၂၄ သိန်းကျော် ညှစ်ယူခဲ့သည့် အပြင် ဖုန်းတစ်လုံး သိမ်းဆည်းခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ငွေညှစ်ခံရသူများနှင့် ဖုန်းသိမ်းဆည်းခံရသူမှာ -- 

(၁) လာလာယား (ဘ) ဦးအဒူလော်တီ (အသက် ၁၈ နှစ်) - ငါးရန့်ချောင်းကျေးရွာအုပ်စု ပေါက်တောပြင်ရွာ ထံမှ ငွေကျပ် ၁၂ သိန်း

(၂) အာယာစ် (ဘ) ဦးဆာဒဲခ် (အသက် ၂၂ နှစ်) ထံမှ ငွေကျပ် ၂၆၀၀၀၀/-

(၃) ဇူနှိုက် (ဘ) ဦးအာဇီရာမာန် (အသက် ၁၉ နှစ်) - သင်္ဂနက်ကျေးရွာအုပ်စု ဒုံးပိုက်ရွာ ထံမှ ငွေကျပ် ၁၀ သိန်း 

(၄) အစ္စလာမ် (ဘ) ဦးဆူလေမာန် - ငါးရန့်ချောင်းရွာ ထံမှ ငွေကျပ် ၁၄၀၀၀၀/- Vivo ဖုန်းတစ်လုံး -- တို့ဖြစ်သည်။

အဆိုပါ တပ်ရင်းမှူးသည် ၎င်းတာဝန်ကျရာ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းဒေသမှ ဒေသခံမျက်နှာဖုံးများကို အကြောင်းမဲ့ ဖမ်းဆီးပြီး လူမဆန်စွာ ရိုက်နှက်နှိပ်စက်ကာ ငွေညှစ်ခြင်း၊ လုပ်ကြံစွပ်စွဲပြီး အတင်းအဓမ္မ ၀န်ခံခိုင်းပြီး အမှုဖွင့်၍ နှစ်ရှည်ထောင်ချခြင်းများ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။ 




Comment ရေးရန်

Rohingya Exodus