နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်တွင် ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြား ၁၆ သိန်း ပိုင်ရှင်ကို ဖမ်းမိသော်လည်း ငွေပုံအောချမှုကြောင့် လွတ်မြောက်သွား

Rohingya Eye
RB News
13.5.2017

မောင်တော ။ ။ မေလ (၁၁) ရက်နေ့ နံနက် ၁၀း၅၀ နာရီ အချိန်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ မောင်တောမြို့နယ်သို့ မောင်းနှင်လာသော Fuso ကုန်တင်ကားကို ၆ မိုင် စစ်ဆေးရေးဂိတ်တွင် နယ်ခြားစောင့်ရဲများနှင့် ပူးပေါင်းအဖွဲ့က ရှာဖွေ စစ်ဆေးခဲ့ရာ ပီနံအိတ် (၅) အိတ်အတွင်းမှ WY စိတ်ကြွဆေးပြား ၁၆ သိန်း ဖမ်းဆီးရမိခဲ့ပြီး၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို အမှုဖွင့် အရေးယူလျက် ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန်ထားသော်လည်း စိတ်ကြွဆေးပြားများ၏ ပိုင်ရှင်အမည်ကို ဖော်ပြထားခြင်း မရှိသည်ကို တွေ့ရှိရသည်။ 

ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများ၏ ပိုင်ရှင်မှာ MD Plus ရေသန့်လုပ်ငန်းနှင့် Dynamic စက်သုံးဆီ ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် ဖြစ်သူ တ.စ.ည ပါတီ မောင်တော ဥက္ကဌ ဦးကျော်အေး၏ သားမက်၊ မောင်တောမြို့နယ်၊ မြို့မအရှေ့ရပ်ကွက်နေ ဦးဆန်းမောင် (အသက် ၄၅ နှစ်) ဆိုသူ ဖြစ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ပိုင်ရှင်ဖြစ်သူသည် ၎င်း၏ စိတ်ကြွဆေးပြားများကို ဖမ်းဆီးလိုက်သည့် သတင်း ရရချင်း မောင်တော - အငူမော်ကားလမ်းမှတဆင့် စစ်တွေသို့ သွားရောက် တိမ်းရှောင်ရန် ၎င်း၏ ဇနီးနှင့် အတူ သွားနေစဉ် အငူမော် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်တွင် အဖမ်းခံခဲ့ရသည်။ သို့သော်လည်း လာဘ်ငွေ အများအပြား ပေးလိုက်ခြင်းကြောင့် လွတ်မြောက်သွားခဲ့ပြီး ယခုအခါ စစ်တွေမြို့တွင် တိမ်းရှောင်လျက် ရှိကြောင်း သိရှိရသည်။ 

မေလ (၁၂) ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် ပူးပေါင်းစစ်ဆေးရေး အဖွဲ့က Dynamic စက်သုံးဆီ အရောင်းဆိုင်ကို ရှာဖွေ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 

ဦးဆန်းမောင်သည် ရန်ကုန်မြို့မှ WY စိတ်ကြွဆေးပြားများ သယ်ဆောင်လာပြီး မောင်တောမြို့နယ်တွင် ဖြန့်ချီနေသူ ဖြစ်သည်။ ၎င်း၏ လုပ်ငန်းများ အဆင်ပြေချောမောစွာ လုပ်ကိုင်နိုင်ရန် အတွက် မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်မျိုးဝင်းကို တစ်လလျှင် ငွေကျပ် သိန်း ၅၀ ပေးနေရကြောင်း ၎င်းနှင့် နီးစပ်သူ တစ်ဦးထံမှ သိရှိရသည်။ 

“ဆန်းမောင်က ကံပြင်ရွာ ဇာတိပါ။ စိတ်ကြွဆေးပြား အလုပ်လုပ်ပြီး ဌာနဆိုင်ရာတွေနဲ့ အရမ်းရင်းနှီးလာတယ်။ သူ့ရဲ့ သင်္ကြန်မဏ္ဍာပ်ကို ဘူးသီးတောင်က ဗျူဟာမှူးတောင်လာပြီး အားပေးခဲ့တယ်။ အခု ဖမ်းမိတဲ့ ကားသမားနဲ့ ဘာမှ မဆိုင်ဘူး။ ကားက ကုန်ပို့တဲ့ကားပါ။ ဦးစိုးဝင်းရဲ့ကား သူတို့က ပစ္စည်းသယ်တာ။ သူတို့ကားနဲ့ ပါလာတယ်ဆိုတာ သိချင်မှ သိမယ်။ ဒါပေမယ့် ဆန်းမောင်က ငွေကြေးနိုင်တယ်။ ပေါက်ရောက်တယ် ဆိုတော့ နောက်ဆုံးမှာ ဦးစိုးဝင်း ခံရဖို့ရှိတယ်” ဟု မြို့ခံတစ်ဦးက ပြောပါသည်။ 

နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ ထုတ်ပြန်သည့် သတင်းမှ ဓါတ်ပုံ

Comment ရေးရန်

Rohingya Exodus