နောက်ဆုံးသတင်း/ဆောင်းပါးများ

ရသေ့တောင် စေတီပြင် ရိုဟင်ဂျာရွာမှ ဒေသခံအချို့ကို အစွန်းရောက်များက ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် ဒေသခံများ စိုးရိမ်လျက်ရှိ

MYARF
RB News
23.5.2017

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအုပ်စုရှိ အာဏာပိုင်များ၏ လက်ကိုင်တုတ် အစွန်းရောက်များက ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခအသွင် ဖန်တီးယူရန် ကြိုးစားလျက် ရှိကြောင်း သတင်းရရှိပါသည်။ 

မေလ (၂၁) ရက်နေ့တွင် စေတီပြင်ကျေးရွာအုပ်စု ရခိုင်ရွာတွင် အစွန်းရောက်အုပ်စုတစ်စုက ရခိုင်ရွာတွင် အမြဲအလုပ်လုပ်နေသူ ယူဆုပ်၊ စေတီပြင် ရိုဟင်ဂျာရွာမှ ဥက္ကဌဟောင်း ဦးအာမီးန်၊ ရပ်မိရပ်ဖ ဦးအာဇီမူလ္လာ တို့ကို အုပ်စုဖွဲ့ ၀ိုင်းရိုက်ခဲ့ကြောင်း၊ စေတီပြင်ကျေးရွာရှိ အာရဗီ ဘာသာရေးတက္ကသိုလ်၏ ပါမောက္ခချုပ် ကိုလည်း ၀ိုင်းရိုက်ရန် ကြံစည်ခဲ့ကြောင်း၊ မေလ (၂၂) ရက်နေ့တွင် ရိုဟင်ဂျာရွာကို ၀င်ရောက် မီးရှို့ဖျက်ဆီးရန် ကြိုးစားခဲ့ကြောင်း၊ ထိုကဲ့သို့ ပြုလုပ်နေခြင်းများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ စခန်းမှူးထံ တိုင်ကြားခဲ့သော်လည်း အရေးယူခြင်း မရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

လွန်ခဲ့သည့်လတွင်လည်း စေတီပြင်ရွာမှ ရှေးဟောင်းဗလီကို မီးရှို့ခဲ့သည့် ဖြစ်စဉ် ရှိခဲ့ပြီး ယခုလည်း မကြာခဏ ဆိုသလို ပဋိပက္ခအသွင် ဖန်တီးယူရန် ကြိုးစားလျက်ရှိကြောင်း၊ အာဏာပိုင်များကို တိုင်ကြားလျှင်လည်း အရေးယူခြင်း မရှိသည့်အတွက် ဒေသခံရိုဟင်ဂျာများမှာ အားကိုးရာမဲ့ ဖြစ်နေကြောင်း၊ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် သတ်ဖြတ် မီးရှို့မှုများ ပြုလုပ်ခဲ့သည့် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့က တည်ငြိမ် အေးချမ်းစွာ နေထိုင်နေကြသည့် လူမျိုး၊ ဘာသာကွဲများ အကြား အဓိကရုဏ်း ဖန်တီးနိုင်အောင် ကြိုးစားနေခြင်းလားဟု သံသယ ဖြစ်မိကြောင်း၊ မိမိတို့အနေဖြင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုသောကြောင့် ယခုကဲ့သို့ နေ့စဉ် နှောက်ယှက်မှုများကြောင့် စိုးရိမ်စိတ်များ တိုးပွားနေရကြောင်း ဒေသခံများက ပြောပါသည်။



Comment ရေးရန်

Rohingya Exodus