နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော ရှုနာလီရွာသို့ စစ်သားများ ၀င်ရောက်၍ ပစ္စည်းများ ဖျက်ဆီး၊ လုယက်၊ အပြစ်မဲ့ ရွာသား (၃) ဦးကို ဖမ်းဆီး

RB News
13.5.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာအုပ်စု၊ ရှုနာလီရွာကို စစ်သားများက ၀င်ရောက်စီးနင်းပြီးနောက် ပစ္စည်းများ ဖျက်ဆီးခြင်း၊ လုယက်ခြင်းများ ပြုလုပ်သည့် အပြင် အပြစ်မဲ့ ရွာသား (၃) ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိပါသည်။ 

ယနေ့ မေလ (၁၃) ရက်နေ့ နံနက် ၈ နာရီ အချိန်မှစ၍ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်းချောင်း ကျေးရွာအုပ်စု ရှုနာလီရွာကို စစ်သား အင်အား ၁၀၀ ကျော်က ၀န်းရံ ပိတ်ဆို့ထားခဲ့ပြီး၊ နေ့လည် ၁၂ နာရီအချိန်တွင် ရွာသို့ ၀င်ရောက်၍ ရွာသူရွာသားများ အားလုံးကို နေအိမ်များမှ ထွက်ခိုင်းပြီးနောက် လယ်ကွင်းထဲသို့ ခေါ်ဆောင်သွားကာ နေပူလှန်းထားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ထို့အပြင် စစ်သားများက နေအိမ်များထဲသို့ ၀င်ရောက်၍ ပစ္စည်းများ ဖျက်ဆီးခြင်း၊ လုယက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ 

“အဓိက မိုဘိုင်းဖုန်းတွေနဲ့ ပိုက်ဆံတွေ လုပါတယ်။ အိမ်တွေထဲက ပစ္စည်းတွေ ဖျက်ဆီးပစ်တယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

ထိုသို့ ရွာသူရွာသားများကို ညှဉ်းပန်းနှိပ်စက်၍ ပစ္စည်းများ ဖျက်ဆီးလုယက်ပြီးနောက် အပြစ်မဲ့ ရွာသား (၃) ဦးကို ဖမ်းဆီး၍ စခန်းအမှတ် (၂၄) သို့ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသည့် အပြစ်မဲ့ ရွာသား (၃) ဦးမှာ -- 

(၁) ဦးအီဒီရီစ် (ဘ) ဦးဖော်ဇောလ်ကော်ရီးမ် (အသက် ၂၈ နှစ်)
(၂) ဦးရော်ရှိဒူလ္လာ (ဘ) ဦးရှောရ်အလီ (အသက် ၅၀ နှစ်)
(၃) ဦးနော်ဂျူမုလ္လာ (ဘ) ဦးနီရ်အာမတ် (အသက် ၂၆ နှစ်) -- တို့ဖြစ်ကြသည်။


Comment ရေးရန်

Rohingya Exodus