နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော် မောင်တူလာမှ လုပ်ငန်းရှင် တစ်ဦးကို နယ်ခြားစောင့်ရဲများက အကြောင်းမဲ့ ဖမ်းဆီးသွား

Rohingya Eye
RB News
11.5.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်ကျေးရွာအုပ်စု၊ မောင်တူလာရွာမှ ငွေကြေးတတ်နိုင်သူတစ်ဦးကို နယ်ခြားစောင့်ရဲများက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်ကျေးရွာအုပ်စု၊ မောင်တူလာအောက်ရွာမှ ဦးဘော်ရှော်ရ် (ဘ) ဦးဆော်လာမောတ် (အသက် ၄၅ နှစ်) ၏ နေအိမ်ကို မေလ (၁၁) ရက်နေ့ နံနက် ၄ နာရီ အချိန်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေရုံးမှ နယ်ခြားစောင့်ရဲ (၂၅) ဦးခန့်က ၀န်းရံပိတ်ဆို့၍ အိမ်ရှင်ဖြစ်သူ ဦးဘော်ရှော်ရ်နှင့် အတူ နွားကျောင်းသား မာမတ်ဆုလ်တာန် (အသက် ၂၈ နှစ်) နှင့် အိမ်တွင် အလုပ်လုပ်ကိုင်သူ ဦးအဒူရောန် (အသက် ၄၅ နှစ်) တို့ကို ဖမ်းဆီး၍ နယ်မြေရုံးသို့ ခေါ်ဆောင်သွားခဲ့သည်။ 

နံနက် ၉ နာရီအချိန်တွင် နွားကျောင်းသားနှင့် နေအိမ်တွင် အလုပ်လုပ်ကိုင်သူတို့ နှစ်ဦးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ဦးဘော်ရှော်ရ်ကို မောင်တောမြို့ပေါ်ရှိ ရဲစခန်းသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဦးဘော်ရှော်ရ်နှင့် ၂၀၁၂ ခုနှစ် ပဋိပက္ခ တစ်စုံတစ်ရာ ဆက်နွယ်မှု မရှိသော်လည်း ပဋိပက္ခ နောက်ပိုင်းတွင် ဌာနဆိုင်ရာများက ပဋိပက္ခတွင် ပါဝင်ခဲ့သူဟု လုပ်ကြံ စွပ်စွဲ၍ ငွေသိန်းရာချီ ညှစ်ယူခဲ့ကြောင်း သိရှိရသည်။ 

“အခု ဦးဘော်ရှော်ရ်ကို ဖမ်းသွားတာကို ကြည့်ရင် လုပ်ငန်းရှင်ဖြစ်လို့ ပစ်မှတ်ထားပြီး ဖမ်းသွားတာ ဖြစ်ပါတယ်။ ၂၀၁၂ ကိစ္စနဲ့ လုံးဝ ဆက်နွယ်မှု မရှိပေမယ့် ငွေသိန်းချီ ညှစ်ခံရတယ်။ အခု လာဖမ်းတာမှာ ကျေးရွာ အုပ်ချုပ်ရေးက ဘယ်သူ့မှ မပါဘူး။ အဓိက ငွေများများ ညှစ်ဖို့ ဖမ်းသွားတာပါ။ တရားဥပဒေစိုးမိုးမှု မရှိတော့ ဘယ်ကိုမှ တိုင်လို့လည်း မရဘူး ဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 



Comment ရေးရန်

Rohingya Exodus