နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောနှင့် ဘူးသီးတောင်တွင် နယ်ခြားစောင့်ရဲများနှင့် စစ်သားများ၏ အကြမ်းဖက်မှုကြောင့် ရွာသားများ တိမ်းရှောင်နေရ၊ အပြစ်မဲ့ ၈ ဦးကို ဖမ်းဆီးထား

MYARF
RB News
22.5.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ကျောင်းတောင် ကျေးရွာအုပ်စုနှင့် မောင်တောမြို့နယ် ပဒကားရွာသစ် ကျေးရွာအုပ်စု များသို့ စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ အင်အားအလုံးအရင်းနှင့် ၀င်ရောက်ပြီး ရွာသားများ ထိတ်လန့်၍ ထွက်ပြေးသွားအောင် အကြမ်းဖက် ပြုမှုဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

မေလ (၂၁) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် တောင်ဘဇာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ရင်းမှူး အပါအ၀င် နယ်ခြားစောင့်ရဲ (၅၀) ဦးခန့်တို့သည် ကျောင်းတောင်ကျေးရွာအုပ်စု ပုဇွန်ချောင်းကျေးရွာသို့ ၀င်ရောက်၍ ရွာကို ၀န်းရံပိတ်ဆို့ကာ ပထမဦးစွာ လူနေအိမ်နှစ်လုံးကို ဖြိုဖျက်ခဲ့သည်။ ထို့နောက် မိသားစုဝင်များ အားလုံးကို အိမ်ထောင်စုစာရင်းများ ကိုင်ဆောင်ခိုင်းပြီး အိမ်ပြင်သို့ ထွက်လာစေပြီး စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် ရွာသူရွာသားများကို အကြမ်းဖက်သမား၊ အယ်လ်ယကီးန် အဖွဲ့ဝင်များ စသည်ဖြင့် ခြိမ်းခြောက် ပြောဆိုကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

တောင်ဘဇာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ရင်းမှူး ထွန်းနိုင် ကိုယ်တိုင် ရွာသူရွာသားများကို အစည်းအဝေး တက်ရောက်ရန်ဟု ဆိုကာ ဖိတ်ခေါ်၍ အောက်ဖော်ပြ ဒေသခံ (၈) ဦးကို ဖမ်းဆီး၍ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

ဖမ်းဆီးခံရပြီး ညှဉ်းပန်းနှိပ်စက်ခံနေရသူများမှာ ---

(၁) ရော်ဖိခ် (ဘ) ဦးရှားအာလောမ် (အသက် ၁၈ နှစ်)
(၂) နူရ်အစ္စလာမ် (ဘ) ဦးရှားအာလောမ် (အသက် ၂၂ နှစ်)
(၃) အဘုလ်ဟူစိန်း (ဘ) ဦးကော်ဘိရ်အာမတ် (အသက် ၁၈ နှစ်)
(၄) ရော်ဖိခ် (ဘ) ဦးအဘုလ်ဟာရှီးမ် (အသက် ၂၀ နှစ်)
(၅) ဦးအလီအာမတ် (အသက် ၅၀ နှစ်)
(၆) ဂျူဟားရ် (ဘ) ဦးကာဆိမ်းအလီ (အသက် ၂၇ နှစ်)
(၇) ဦးနူရ်မိုဟာမတ် (ဘ) ဦးတာဟဲရ် (အသက် ၆၀ နှစ်)
(၈) ဟာမိတ် (ဘ) ဦးဘော်ရှိရ် (အသက် ၂၂ နှစ်) -- တို့ဖြစ်ကြသည်။ 

၎င်းတို့အား လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်၍ ခံဝန်ချက်များကို အတင်းအဓမ္မ လက်မှတ်ရေးထိုး ခိုင်းနေကြောင်း ဒေသခံများက ဆိုသည်။ 

မေလ (၂၀) ရက်နေ့တွင်လည်း စာကိုင်းရွာမှ ဟာရွန် (ဘ) ဦးအာမီးရ်ဟူဆောင်း (အသက် ၁၆ နှစ်) ကို ဖမ်းဆီး၍ ရိုက်နှက်နှိပ်စက်ကြောင်း၊ တောင်ဘဇာ အထက်ပိုင်း ကျေးရွာများရှိ ဒေသခံများ၏ အမည်များကို ရေးသားထားသည့် စာရွက်ပေါ်တွင် လက်မှတ်များ ထိုးခိုင်းကြောင်း၊ မုဒိမ်းကျင့်ခံခဲ့ရသည်ဟု တိုင်ကြားထားသည့် အမျိုးသမီးများကိုလည်း နေ့စဉ်နေ့တိုင်း စခန်းသို့ ခေါ်ယူ၍ လက်မှတ်များ ထိုးခိုင်းကြောင်း၊ မေလ (၂၂) ရက်နေ့တွင် စာကိုင်းရွာရှိ အိမ်များအားလုံးမှ ကြက်တစ်ကောင်စီ အတင်းအဓမ္မ ယူခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ပဒကားရွာသစ် ကျေးရွာအုပ်စုကို မေလ (၂၀) ရက်နေ့ နံနက် ၄ နာရီခန့် အချိန်တွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ၀န်းရံပိတ်ဆို့၍ အဖွဲ့ (၄) ဖွဲ့ခွဲဝင်ကာ အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီး၊ အိမ်များအတွင်း ၀င်ရောက်စစ်ဆေး၍ အကြမ်းဖက်ခြင်းများ ပြုလုပ်၍ ရွာသားများကို ထိတ်လန့်အောင် ပြုလုပ်သောကြောင့် ရွာသူရွာသားများ ထွက်ပြေးခဲ့ရသည်။ မေလ (၂၁) ရက်နေ့ နံနက် ၁၀ နာရီခန့် အချိန်တွင်လည်း နယ်ခြားစောင့်ရဲ ၂၀ ဦးခန့် သွားရောက်၍ အိမ်ထောင်စု ၁၂ စုကို အိမ်ပြင်သို့ ထွက်ခိုင်းပြီး ခြံများအတွင်းရှိ မြေများတူးခြင်း၊ အထိတ်တလန့် ဖြစ်အောင် ခြိမ်းခြောက်ခြင်းများကြောင်း ရွာအတွင်းရှိ အမျိုးသားများ တိမ်းရှောင်နေရကြောင်း၊ အဆိုပါ နယ်ခြားစောင့်ရဲများသည် ရွာအတွင်းတွင် ယခုအချိန်ထိ ရှိနေပြီး အမျိုးသမီးများက နယ်ခြားစောင့်ရဲများအတွက် စားသောက်ဖွယ်ရာများ ပို့ပေးနေရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 




Comment ရေးရန်

Rohingya Exodus