နောက်ဆုံးသတင်း/ဆောင်းပါးများ

နှစ်ရှည်လများ အာဏာပိုင်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် ဓါးပြအဖွဲ့၏ လက်နက်များကိုသုံး၍ အပြစ်မဲ့ ဒေသခံများကို လုပ်ကြံဖမ်းဆီး

MYARF
RB News
27.05.2017

မြင်းလွတ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် မြင်းလွတ်မြို့အပိုင် သ၀န်ချောင်း ကျေးရွာအုပ်စုတွင် အာဏာပိုင်များက ၎င်းတို့နှင့်  နှစ်ရှည်လများ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် ဓါးပြအဖွဲ့၏ လက်နက်များကို အသုံးချ၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ အမျိုးသမီး (၃) ဦးကို ဖမ်းဆီး ထားကြောင်း သတင်းရရှိပါသည်။ 

မြင်းလွတ်မြို့အပိုင် သ၀န်ချောင်း ကျေးရွာအုပ်စုကို မေလ (၂၆) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အင်းဒင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ တပ်ဖွဲ့ဝင်များနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ ကင်းစခန်းများမှ တပ်ဖွဲ့ဝင် ပူးပေါင်း၍ ၀န်းရံ ပိတ်ဆို့ခဲ့သည်။ ထို့နောက် တပ်ဖွဲ့ဝင်များသည် တစ်အိမ်တစ်အိမ်ဆင်းကာ လူကြီး၊ လူငယ်၊ ကလေးများပါ မကျန် နေအိမ်များမှ အပြင်ထွက်ခိုင်းပြီးနောက် ရွာလယ်ရှိ စာသင်ကျောင်းဝင်း အတွင်းတွင် နေပူထဲ၌ ဒဏ်ပေးထားသကဲ့သို့ ထားရှိခဲ့သည်။ 

တစ်အိမ်တက်ဆင်း ပြုလုပ်နေစဉ် မော်လ၀ီရှော်ဖိခ်၏ အိမ်ခြံဝင်းထဲသို့ ရောက်သည်နှင့် တပြိုင်နက် နေရာအနှံ့ကို တူးဖော်၍ ရှာဖွေ စစ်ဆေးခဲ့သည်။ မြေနေရာအနှံ့ တူးဖော်ခဲ့သော်လည်း တစ်စုံတစ်ရာ ရှာမတွေ့သောအခါ မောင်တောမြို့နယ် တောင်ပိုင်းတွင် အခြေစိုက်၍ အာဏာပိုင်များနှင့် အကျိုးတူ ပူးပေါင်း လှုပ်ရှားနေသော ဓါးပြ ခေါင်းဆောင် အဒူလာကိမ်း ထံ နယ်ခြားစောင့်ရဲတစ်ဦးက ဖုန်းခေါ်ခဲ့ကြောင်း ဖုန်းစကားပြောစဉ် ကြားခဲ့သူတစ်ဦးက RB News သို့ပြောပါသည်။ 

“ကျွန်တော် သေချာကြားတယ်။ ဒမြ အဒူလာကိမ်း ဆီ ဖုန်းခေါ်ပြီး ပြောနေတာ သေချာ ကြားတယ်။ ဖုန်းပြောပြီးတာနဲ့ ထင်းစည်းတွေကြား ရှာပြီး လက်လုပ်သေနတ်တွေ ထုတ်တယ်။ အဲဒါတွေကို ဘောင်းဘီစုတ်နဲ့ ထုတ်ထားတာ။ လက်ရေးနဲ့ စာရွက်တစ်ရွက်လည်း ပါတယ်။ ကျွန်တော် အကုန်မြင်နေ ကြားနေရတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

သေနတ် (၃) လက်နှင့် စာရွက်တစ်ရွက် ရှာဖွေတွေ့ရှိသည့် ထင်းစည်းများ ရှိသည့် နေအိမ်မှ ဒေါ်အာမီနာခါတူ (ဘ) ဦးဇာဖော်ရ် (အသက် ၅၁ နှစ်)၊ မဟာလီမာ (ဘ) မော်လ၀ီရှော်ဖိခ် (အသက် ၂၁ နှစ်) နှင့် ဇိုင်နဗ်ဘီဘီ (ဘ) ဦးနော်ဘီအုလ္လာ (အသက် ၁၉ နှစ်) တို့ကို နယ်ခြားစောင့်ရဲများက ဖမ်းဆီးခေါ်သွားပြီး၊ အင်းဒင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းတွင် ညှဉ်းပန်းနှိပ်စက်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။ 

သေနတ် (၃) လက်နှင့် အတူ ရရှိသည့် စာရွက်တွင် ၂၀၁၇ ခုနှစ် မေလ (၁) ရက်နေ့တွင် လူ ၂၅ ဦးကို လစာငွေရှင်းထားသယောင်ဖြင့် ၂၅ ဦး အမည်များနှင့် လစာငွေများ ရေးသားထားသည်ကို ဒေသခံများက လုပ်ကြံမှုတစ်ခုသာ ဖြစ်သည်ဟု တစ်ညီတစ်ညွတ်တည်း ပြောဆိုနေကြသည်။

မောင်တောမြို့နယ် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်နေသူ တစ်ဦးက “လက်ရေး အရေးအသားက အရမ်းရှင်းတယ်။ လွန်ခဲ့တဲ့နှစ်တုန်းက အဒူလာကိမ်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့ ရဲမှူးတစ်ယောက်ဆီကို ရေးပို့လိုက်တဲ့ စာဖတ်ခဲ့ဖူးတယ်။ လက်ရေးကလည်း တော်တော်တူတယ်။ အခုကိစ္စက လုပ်ကြံဇတ်ကြီးမှန်း အရမ်းသိသာတယ်။” ဟု ပြောပါသည်။

မောင်တောမြို့နယ် တောင်ပိုင်းတွင် အဒူလာကိမ်း ဦးဆောင်သည့် ဓါးပြအဖွဲ့သည် န.စ.က လက်ထက်ကတည်းက န.စ.က နှင့် အတူ ပူးပေါင်း လှုပ်ရှားခဲ့ပြီး ယခု နယ်ခြားစောင့်ရဲတပ်ဖွဲ့ လက်ထက်တွင်လည်း ပူးပေါင်း လှုပ်ရှားလျက် ရှိသည်။ 

မေလ ဒုတိယအပတ်တွင် အဒူလာကိမ်း၏ အစ်ကို ဆိုသူကို ဖမ်းဆီးရမိခဲ့ခြင်းမှာလည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းမဟုတ်ဘဲ ရွာသားများက ဖမ်းဆီး၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ အပ်နှံခဲ့ခြင်းကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။

အဒူလာကိမ်းနှင့် အဖွဲ့သည် မောင်တောမြို့နယ် တောင်ပိုင်းတွင် အကြိမ်ကြိမ် ဓါးပြတိုက်ခြင်း၊ အပြစ်မဲ့ ရွာသားများကို သတ်ဖြတ်ခြင်းများ ပေါ်ပေါ်တင်တင် ပြုလုပ်သော်လည်း မည်သည့်အခါမှ အရေးယူခြင်း၊ ဖမ်းဆီးခြင်း မပြုလုပ်သည့် အပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်မြေမှူး ကိုယ်တိုင် လေးစားပါတယ်ဟု ဆိုကာ အထက်အရာရှိတစ်ဦးကို ဆက်ဆံသကဲ့သို့ ဆက်ဆံသည်ကိုလည်း နယ်မြေမှူးနှင့် အဒူလာကိမ်း တို့နှစ်ဦး ဖုန်းစကားပြောသည့် အသံဖိုင်အရ သိရှိရသည်။ 

ဧပြီလ (၂၇) ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်မြေမှူးနှင့် အဒူလာကိမ်းတို့ ဆက်သွယ် စကားပြောသည့် အသံဖိုင်တစ်ဖိုင် လှုမှုကွန်ယက်ပေါ်တွင် ပြန့်ခဲ့သော်လည်း အာဏာပိုင်များက အဒူလာကိမ်းကို ဖမ်းဆီးခြင်း မရှိသည့်အပြင် ယခု သ၀န်ချောင်းကျေးရွာတွင် အဒူလာကိမ်း၏ လက်နက်များနှင့် လက်ရေး စာရွက်တစ်ရွက်ကို အသုံးပြု၍ အပြစ်မဲ့ ရွာသားများကို ညှဉ်းပန်းနှိပ်စက်ရန် အတွက် တမင် ဖန်တီးယူခြင်း ဖြစ်သည်။ 

အဒူလာကိမ်းနှင့် နယ်မြေမှူးတို့ ဖုန်းဆက်သွယ် စကားပြောသည့် အသံဖိုင်


ထင်းစည်းထဲမှ ရရှိသည့် သေနတ် (၃) လက်နှင့် စာရွက် ဓါတ်ပုံများ



Comment ရေးရန်

Rohingya Exodus