နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုလက်ဝဲ ကျောက်ချောင်းရွာသို့ နယ်ခြားစောင့်ရဲများ ၀င်ရောက်၍ အပြစ်မဲ့ ရွာသားတစ်ဦးကို လူမဆန်စွာ ရိုက်နှက်

RB News
17.5.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့နယ် ကျောင်းချောင်း ကျေးရွာအုပ်စုသို့ နယ်ခြားစောင့်ရဲများ ၀င်ရောက်၍ အပြစ်မဲ့ရွာသား တစ်ဦးကို လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ယနေ့ မေလ (၁၇) ရက်နေ့ ညသန်းခေါင်ယံ ၁၂ နာရီခန့် အချိန်တွင် တောင်ပြိုလက်ဝဲမြို့၊ လိပ်ရကျေးရွာအုပ်စု အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးနှင့် အပေါင်းအပါ တပ်ဖွဲ့ဝင် ၄ ဦးတို့သည် ကျောက်ချောင်း ကျေးရွာအုပ်စုသို့ ၀င်ရောက်လာပြီး ကျေးရွာတာဝန်ခံ ဦးကာမာလ်ကို ရှာဖွေခဲ့သည်။ ကျေးရွာတာဝန်ခံ ဦးကာမာလ်ကို မတွေ့ရှိသဖြင့် ၎င်း၏ မိသားစုဝင်များကို ဆဲဆို အော်ငေါက်ခဲ့ကြောင်း၊ ထို့နောက် ည တစ်နာရီခန့် အချိန်တွင် ယင်းရွာမှ ဦးမာမတ်ဟာရှိမ်း (ဘ) ဦးဆော်ယာဒ်ဆလာမ်၏ နေအိမ်သို့ ဓါးပြများ ၀င်ရောက်သည့် ပုံစံဖြင့် အတင်းအဓမ္မ ၀င်ရောက်၍ အိမ်ရှင်ဖြစ်သူကို လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း၊ ထို့နောက် နေအိမ်အတွင်း ပိုက်စိတ်တိုက် ရှာဖွေခဲ့ကြောင်း၊ သို့သော်လည်း တရားမ၀င် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ရဲမှူးနှင့် အဖွဲ့သည် ဦးမာမတ်ဟာရှိမ်း၏ နေအိမ်ကို တစ်နာရီကျော်ကျော် စစ်ဆေးပြီးနောက် ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရသည်။ 

အဆိုပါ ရဲမှူးနှင့် တပ်ဖွဲ့ဝင်များသည် ရွာထဲသို့ မကြာခဏ ၀င်ရောက်လာပြီး အပြစ်မဲ့ ဒေသခံပြည်သူများကို အကြောင်းမဲ့ ရိုက်နှက်ခြင်းများ ပြုလုပ်ကြောင်း အဆိုပါဒေသခံက ပြောပါသည်။ 


Comment ရေးရန်

Rohingya Exodus