နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆိုင်ကလုန်း မိုရာကြောင့် မောင်တောခရိုင်တွင် ဆုံးရှုံးမှု အလွန်များပြား

MYARF
RB News
1.6.2017

မောင်တော ။ ။ မေလ (၃၀) ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်း မိုရာ ကြောင့် မောင်တောခရိုင်တွင် ဆုံးရှုံးမှု အလွန်များပြားခဲ့ကြောင်း သတင်းရရှိပါသည်။

မေလ (၃၀) ရက်နေ့ အင်္ဂါနေ့တွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်း မိုရာကြောင့် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များတွင် နဂိုကတည်းက ဆင်းရဲတွင်းနက်နေသည့် ဒေသခံများမှာ ယခုတိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် ဒုက္ခပင်လယ်ထဲ မျှောနေရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဆိုင်ကလုန်း မိုရာ တိုက်ခတ်မည်ဟု တစ်ရက်အလိုတွင် အာဏာပိုင်များက တစ်နာရီလျှင် မိုင် ၆၀ နှုန်း တိုက်ခတ်မည့် မုန်တိုင်းငယ်ဟု ကြေညာခဲ့သော်လည်း အမှန်တကယ် မုန်တိုင်းတိုက်ခတ်ချိန်တွင် မိုင် ၁၀၀ ကျော်ထိ ရှိခဲ့သောကြောင့် ဆုံးရှုံးနစ်နာမှုများပြားခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ဆိုင်ကလုန်း မိုရာသည် ယခင်မုန်တိုင်းများနှင့် မတူဘဲ လေးဘက်လေးမျက်နှာစလုံးမှ ၁၀ နာရီနီးပါး ဆက်တိုက် တိုက်ခတ်ခဲ့သောကြောင့် နေအိမ်များ၏ အိမ်ခေါင်မိုးများ လွှင့်စင် သွားခဲ့ပြီး နေအိမ်အတွင်းရှိ ပစ္စည်းများ စိုရွှဲသွားခဲ့ပြီး ဆုံးရှုံးမှု ပိုမိုများပြားခဲ့သည်။

ဗလီဝတ်ကျောင်းတော်များ အားလုံးနီးပါးသည် ကုန်းမြင့်တွင် တည်ရှိသောကြောင့် လေတိုက်မှု ပြင်းအားကို ပိုမိုခံခဲ့ရပြီး၊ မပြိုသွားသည့် ဗလီဝတ်ကျောင်းတော်နှင့် အာရဗီ စာသင်ကျောင်းများ မရှိသလောက် နည်းပါးသည်ဟု ဒေသခံများက ပြောပါသည်။

လေပြင်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မှတ်တမ်းတင်လျက်ရှိသော်လည်း အိမ်ခေါင်မိုးများ လွှင့်ပါသွားသော နေအိမ်များကို စာရင်းမတင်ခြင်း၊ ဆင်းရဲသား မိသားစုများ၏ နေအိမ်များကို တရားမ၀င် ဆောက်လုပ်ထားသည့် နေအိမ်များဟု ဆိုကာ စာရင်းမတင်ခြင်း တို့ကို ၀မ်းနည်းကြေကွဲစွာ တွေ့ရှိနေရကြောင်း၊ ယခင်က မုန်တိုင်းဒဏ်ကြောင့် ပြိုလဲသွားသည့် ဗလီဝတ်ကျောင်းတော်များကို နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ပြန်လည် ပြုပြင်ခဲ့သော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များက သမ္မတနှင့် မဆိုင်ဟု ဆိုကာ ငွေညှစ်ခြင်း၊ အမှုဆင် ထောင်ချခြင်းများ ပြုလုပ်ခဲ့သောကြောင့် ယခုအခါလည်း ယခင်ကဲ့သို့ ပြန်လည် ပြုလုပ်မည်ကို စိုးရိမ်လျက်ရှိကြောင်း ဒေသခံများက ပြောပါသည်။

မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် မြို့မကညင်းတန်းမှ မူလတန်းလွန်ကျောင်း ဓါတ်ပုံများ




Comment ရေးရန်

Rohingya Exodus