နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲများက လိပ်ရမှ အမျိုးသမီးတစ်ဦးကို ရိုက်နှက်၍ စာရွက်စာတမ်းများ သိမ်းဆည်း၊ အမျိုးသား နှစ်ဦးကို ရိုက်နှက်၍ ငွေညှစ်

RB News
7.6.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ လိပ်ရကျေးရွာအုပ်စု အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများက အမျိုးသမီးတစ်ဦးကို ရိုက်နှက်၍ စာရွက်စာတမ်းများ သိမ်းဆည်းခြင်း၊ အမျိုးသားနှစ်ဦးကို ရိုက်နှက်၍ ငွေကျပ် ၁၂ သိန်း ညှစ်ယူခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဇွန်လ (၅) ရက်နေ့ ည ၁၁ နာရီကျော် အချိန်တွင် တောင်ပြိုလက်ဝဲမြို့၊ လိပ်ရကျေးရွာအုပ်စု၊ မြောက်ရွာမှ ဦးကာလာဘော်ဒါ (ဘ) ဦးဒူဒူမျာ၏ နေအိမ်သို့ လိပ်ရအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ (၁၀) ဦး ၀င်ရောက်၍ ဦးကာလာဘော်ဒါနှင့် သားဖြစ်သူ ဂူရာမျာတို့ကို ရှာဖွေခဲ့ရာ ၎င်းတို့နှစ်ဦးစလုံးသည် ပုဇွန်ကန် လုပ်ငန်း လုပ်ကိုင်သူများ ဖြစ်သဖြင့် ပုဇွန်ကန်ရှိတဲတွင် ရှိနေသောကြောင့် နေအိမ်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိခဲ့ပေ။ ၎င်းတို့နှစ်ဦးစလုံးကို ရှာဖွေမတွေ့သောအခါ နယ်ခြားစောင့်ရဲများက ဦးကာလာဘော်ဒါ၏ ဇနီးဖြစ်သူကို လူမဆန်စွာ သွေးထွက်သံယိုဖြစ်သည် အထိ ရိုက်နှက်၍ အိမ်ထောင်စုစာရင်း၊ အရောင်းအ၀ယ် စာချုပ်နှစ်ခုနှင့် ယာယီသက်သေခံကဒ်ပြား အပ်နှံထားသည့် လက်ခံဖြတ်ပိုင်း နှစ်ခုတို့ကို သိမ်းဆည်း သွားကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ နေအိမ်ထဲသို့ ၀င်ရောက် စစ်ဆေးရာတွင် ကျေးရွာအုပ်ချုပ်ရေး အာဏာပိုင် တစ်ဦးတစ်ယောက်မှ ပါရှိခြင်း မရှိကြောင်း သိရှိရသည်။ 

အလားတူ ဇွန်လ (၂) ရက်နေ့ ည ၁၁ နာရီကျော် အချိန်တွင်တွင် လိပ်ရကျေးရွာအုပ်စု၊ မြောက်ရွာသို့ အဆိုပါ နယ်ခြားစောင့်ရဲများ ၀င်ရောက်၍ ဦးဆီရာရှီကာန်ဒေါရ်ကို နေအိမ်မှ ဖမ်းဆီးချုပ်နှောင်၍ ခေါ်ဆောင်သွားပြီး လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခဲ့သည့်အပြင် ငွေကျပ် ၆ သိန်းညှစ်ယူခဲ့ကြောင်း၊ ဦးရိုလ်အာမီးန် (ဘ) ဦးအာဒူဟာဘီကိုလည်း နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုက်နှက်၍ ငွေကျပ် ၆ သိန်း ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 



Comment ရေးရန်

Rohingya Exodus