နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြို လိပ်ရ အခြေစိုက် စစ်သားများက ကျောက်ချောင်း ဒေသခံများထံမှ ငွေညှစ်၊ လုယက်

Khin Maung
RB News
22.6.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ လိပ်ရကျေးရွာ အခြေစိုက် စစ်တပ်မှ စစ်သားများသည် ကျောက်ချောင်းကျေးရွာသို့ ၀င်ရောက်၍ ဒေသခံများထံမှ ငွေညှစ်ခြင်း၊ လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဇွန်လ (၂၁) ရက်နေ့ နံနက် ၈း၃၀ နာရီ အချိန်တွင် တောင်ပြိုလက်ဝဲမြို့၊ ကျောက်ချောင်းကျေးရွာအုပ်စု၊ အလယ်ရွာမှ မူဂျီဘုရ်ရာမာန် (ဘ) ဦးဆော်ဒူလ်ရာမာန် (အသက် ၂၀ နှစ်) သည် MPT ဆင်းမ်ကဒ် ထည့်ထားသည့် ဖုန်းဖြင့် ဂိမ်းကစားနေစဉ် လိပ်ရကျေးရွာ အခြေစိုက် တပ်ရင်းမှ စစ်သားများ ရုတ်တရက် ရောက်ရှိလာပြီး ၀ိုင်းဝန်းဖမ်းဆီးကာ ငွေကျပ် ၂ သိန်း တောင်းခံခဲ့သည်။ 

ဖမ်းဆီးခံရသူက မိမိသည် တရားဝင် ဆင်းမ်ကဒ်ကို သုံးနေခြင်း ဖြစ်သည့်အတွက် ငွေမပေးနိုင်ဟု ငြင်းဆန်သောအခါ စစ်သားများက ငွေမပေးလျှင် ရဲစခန်းသို့ ပို့မည်ဟု ခြိမ်းခြောက်သောကြောင့် နောက်ဆုံးတွင် ငွေကျပ် နှစ်သိန်း ပေးခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ယင်းနေ့ နံနက် ၉ နာရီအချိန်တွင် လိပ်ရ အခြေစိုက် စစ်သားများသည် ကျောက်ချောင်းကျေးရွာသို့ ၀င်ရောက်၍ တစ်အိမ်တက်ဆင်း စစ်ဆေးခဲ့ရာ မီးဖိုချောင်မှ မီးဖိုအတွင်းရှိ ပြာများကိုပင် စစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

စစ်သားများ စစ်ဆေးနေသည်ကို ကျောက်ချောင်း အလယ်ရွာမှ မော်လ၀ီဆော်ယောဒ်တာလောမ် (ဘ) ဟာဂျီဦးဟာဆောင်းအလီ (အသက် ၃၆ နှစ်) က သတင်းကြား၍ နေအိမ်တွင်းရှိ ငွေများ လုယက်ခံရမည်ကို စိုးရိမ်ကာ ငွေများယူ၍ အပြင်သို့ ထွက်ခွာသွားခဲ့သည်။ ၎င်းသည် ရွာအတွင်းရှိ အိမ်ငယ်တစ်လုံးတွင် ပုန်းအောင်းနေစဉ် စစ်သားများ ရောက်ရှိလာပြီး ၎င်းနှင့် အတူပါလာသည့် ငွေကျပ် ၂၇ သိန်းကို စစ်သားများက လုယက်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ 

ကျောက်ချောင်းကျေးရွာအုပ်စုသို့ လိပ်ရအခြေစိုက် တပ်ရင်းမှ စစ်သားများ မကြာခဏ ၀င်ရောက်လာပြီး ငွေလုယက်ခြင်း၊ ပစ္စည်းများ လုယက်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်ခြင်းများ ပြုလုပ်နေသဖြင့် ပြည်ထောင်စု အစိုးရမှ စစ်ဆေး၍ အရေးယူပေးရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။ 


Comment ရေးရန်

Rohingya Exodus