နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုလက်ဝဲ ဇီးပင်ချောင်းတွင် ရခိုင်ရွာသား အချင်းချင်း ဖြစ်သည့် ပြဿနာကို ရိုဟင်ဂျာများ၏ ခေါင်းပေါ်သို့ ပုံချရန် ကြိုးစားနေ

RB News
25.6.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ဇီးပင်ချောင်းကျေးရွာအုပ်စုတွင် ရခိုင်ရွာသား ၄ ဦး လိပ်ရှာနေစဉ် ရွှေဒင်္ဂါးများထည့်ထားသည့် မြေအိုးငယ် ရှာဖွေတွေ့ရှိကာ အချင်းချင်း စကားများ ရန်ဖြစ်ခဲ့သည့် ပြဿနာကို ဒေသခံရိုဟင်ဂျာများ၏ ခေါင်းပေါ်သို့ ပုံချရန် ကြိုးစားလျက်ရှိကြောင်း သတင်းရရှိပါသည်။ 

ဇွန်လ (၂၄) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း စံကားပင်ရင်းကျေးရွာအုပ်စု တူရိန်းရခိုင်ရွာမှ ဦးစံသာ (အသက် ၃၃ နှစ်)၊ ဦးကျန်သိန်းအောင် (အသက် ၂၈ နှစ်)၊ ဦးအောင်ကျော် (အသက် ၅၀ နှစ်) နှင့် ဦးကိုကိုသိန်း (အသက် ၃၉ နှစ်) တို့သည်  တောင်ပြိုလက်ဝဲမြို့ ဇီးပင်ချောင်းကျေးရွာအုပ်စု အရှေ့ဖက် တောင်ခြေတစ်လျှောက်တွင် လိပ်ရှာနေစဉ် တောင်ခြေနားမှ တွင်းတစ်တွင်းကို တူးဖော်ခဲ့ရာ တွင်းထဲမှ မြေအိုးငယ်ဖြင့် အပြည့်ထည့်ထားသော ရွှေဒင်္ဂါးများ တွေ့ရှိခဲ့ကြောင်း အနီးအနားတွင် နွားကျောင်းနေစဉ် တွေ့ရှိခဲ့သော အမည်မဖော်လိုသော နွားကျောင်းသားတစ်ဦးက RB News သို့ပြောပါသည်။ 

ရွှေဒင်္ဂါးအပြည့်ထည့်ထားသည့် မြေအိုးငယ်ကို ရရှိသည့် ရခိုင်ရွာသား ၄ ဦးတို့သည် ဝေစုများခွဲဝေရန် ပြင်ဆင်နေစဉ် ဦးစံသာနှင့် ဦးကျန်သိန်းအောင် တို့က အညီအမျှ ဝေစုထက် ပိုမိုတောင်းခံသဖြင့် အချင်းချင်း စကားများခဲ့ကြောင်း၊ ထို့နောက် ဦးစံသာနှင့် ဦးကျန်အောင်သိန်း တို့နှစ်ဦးက ဦးအောင်ကျော်နှင့် ဦးကိုကိုသိန်းတို့ နှစ်ဦးကို ရိုက်နှက်၍ တောတွင်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း အဆိုပါ နွားကျောင်းသားက ပြောပါသည်။

ယခုအခါ ဦးစံသာနှင့် ဦးကျန်သိန်းအောင် တို့သည် ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုကို ဒေသခံရိုဟင်ဂျာများ၏ ခေါင်းပေါ်သို့ ပုံကျသွားအောင် ၎င်းတို့နှင့်အတူ ရှိခဲ့သည့် ရွာသားနှစ်ဦးကို ရိုဟင်ဂျာများပင် သတ်လိုက်သည်ဟု လီဆယ်လုပ်ကြံ၍ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ကြောင်း၊ ထိုသို့ လီဆယ်လုပ်ကြံ တိုင်ကြားမှုကို လှုမှုကွန်ယက်ပေါ်တွင် ဖော်ပြလျက်ရှိပြီး၊ အဆိုပါ ရခိုင်ရွာသား ၄ ဦးတို့ စကားများခဲ့သည့် နေရာမှာ ဇီးပင်ချောင်းကျေးရွာအုပ်စုတွင် ဖြစ်သော်လည်း ကျွန်းပေါက်ပြုစုကျေးရွာအုပ်စုဟု မှားယွင်းစွာ ဖော်ပြထားကြောင်း တောင်ပြိုလက်ဝဲမှ ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ယနေ့ ဇွန်လ (၂၅) ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် နယ်ခြားစောင့်ရဲ အင်အား ၃၀ ကျော်သည် ကျွန်းပေါက်ပြုစု ဘော်တလီ ၁ ရွာနှင့် ကျွန်းပေါက်ပြုစု ရွာဟောင်း တို့သို့ အလုံးအရင်းဖြင့် စီးနင်းဝင်ရောက်၍ အမျိုးသမီးများကို နေအိမ်များမှ ဆွဲထုတ်ကာ ကျွန်းပေါက်ပြုစုဈေးတွင် စုရုံးစေခဲ့ပြီး နေပူကျဲကျဲတွင် နှစ်နာရီခန့် နေလာသည့်ဘက်သို့ မျက်နှာမူခိုင်းထားပြီး အစည်းအဝေးတစ်ရပ် စတင်ခဲ့သည်။ အမျိုးသမီးများ နေအိမ်မှ နှင်ထုတ်ခံရပြီးနောက် နယ်ခြားစောင့်ရဲများသည် လူနေအိမ်များမှ အိမ်သုံးပစ္စည်း လုယက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

အစည်းအဝေးတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တာဝန်ခံက အမျိုးသမီးများအား မလျော်သြဇာအာဏာသုံး၍ အပြစ်မဲ့များကို အပြစ်ရှိသယောင် ပြောဆို၍ ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။ 

ရခိုင်ရွာသားများ အချင်းချင်း စကားများ ရန်ဖြစ်ပြီးနောက် ဖြစ်ပွားခဲ့သည်များကို ရိုဟင်ဂျာများ ကျူးလွန်သယောင် ဇတ်လမ်းတစ်ရပ်ထွင်၍ ဒေသခံရိုဟင်ဂျာများကို ညှဉ်းပန်းနှိပ်စက်နိုင်ရန် ထောင်ချောက်ဆင်သကဲ့သို့ ဖြစ်နေပြီး၊ ယခုကိစ္စကို အကြောင်းပြု၍ လူမျိုး ပဋိပက္ခများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရသည်။ 

နိုင်ငံတော်အစိုးရအား ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ ဖိအားပေးနေချိန်တွင် လူမျိုးရေး ပဋိပက္ခဖန်တီး၍ အာရုံလွှဲရန် ကြိုတင်စီမံ၍ ဖန်တီးလေသလားဟု ဒေသခံများက သံသယ ဖြစ်နေကြသည်။ 




Comment ရေးရန်

Rohingya Exodus