နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြောက်ပိုင်းတွင် ငါးဖမ်းသမားတစ်ဦးကို စစ်သားများ ပစ်ခတ်သတ်ဖြတ်၊ တစ်ဦးဒဏ်ရာရ

RB News
29.6.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် ဇွန်လ (၂၇) ရက်နေ့က စစ်တပ်၏ ပစ်ခတ်မှုကြောင့် ငါးဖမ်းသမားတစ်ဦး သေဆုံးခဲ့ပြီး၊ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ 

ပစ်သတ်ခံရသည့် ငါးဖမ်းသမားမှာ မုစ်တာခ်အာမတ် (ဘ) ဦးဟာလာမျာ (အသက် ၂၅ နှစ်) ဖြစ်ပြီး၊ ဒဏ်ရာရရှိသူမှာ အဘူဆယီဒ် (ဘ) ဦးရရှိတ်အာမတ် (အသက် ၂၇ နှစ်) တို့ဖြစ်ကြပြီး၊ နှစ်ဦးစလုံးမှာ ရှီလ်ခါလီ ကျေးရွာ (ကျောက်ချောင်း) မှ ဖြစ်ကြသည်။

ငါးဖမ်းသမား နှစ်ဦးသည် နံနက် ၁၀ နာရီခန့်အချိန်တွင် နတ်မြစ်၌ ငါးဖမ်းရန် လှေတစ်စီးဖြင့် ထွက်ခွာခဲ့ပြီး၊ ကမ်းပြန်ကပ်ရန် ပြင်ဆင်နေစဉ် စက်သေနတ်တပ် စက်လှေတစ်စီး တွေ့ရှိခဲ့သည်။ အဆိုပါ စက်သေနတ်တပ် စစ်လှေသည် ငါးဖမ်းသမားများ၏ လှေသို့ ချဉ်းကပ် လာစဉ် ငါးဖမ်းသမားတစ်ဦးက ကြောက်ရွံ၍ လှေပေါ်မှ ခုန်ချခဲ့ပြီး၊ ကျန်သည့် ငါးဖမ်းသမားတစ်ဦးသည် လှေဖြင့် ထွက်ပြေးရန် ကြိုးစားခဲ့သည်။ 

စက်သေနတ်တပ် စက်လှေပေါ်မှ စစ်သားများသည် ထွက်ပြေးနေသည့် ငါးဖမ်းသမားကို သေနတ်များဖြင့် ဆက်တိုက်ပစ်ခတ်သောကြောင့် ကျည်ဆံထိမှန်၍ သေဆုံးသွားပြီး လှေပေါ်မှ ရေထဲသို့ ပြုတ်ကျသွားခဲ့သည်။ ရေထဲသို့ ခုန်ချ၍ ထွက်ပြေးနေသည့် ငါးဖမ်းသမားကို စစ်သားများက ဖမ်းဆီး၍ ရိုက်နှက်၍ ပြူးမကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

ဖမ်းဆီးသွားသည့် ငါးဖမ်းသမားကို စစ်သားများက ငွေကျပ် ၁၀ သိန်း ညှစ်ယူ၍ ညပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့ပြီး၊ ပစ်သတ်ခံရသူ၏ အလောင်းကိုလည်း ညပိုင်းတွင် ပြန်လည် ရှာဖွေတွေ့ရှိခဲ့ကြောင်း ကျေးရွာမှ ရပ်မိရပ်ဖ တစ်ဦးက RB News သို့ပြောပါသည်။ 

ဇွန်လ (၂၄) ရက်နေ့မှစ၍ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့သည် ကျေးရွာများ အတွင်းသို့ ၀င်ရောက်၍ နေအိမ်များအတွင်းမှ လုယက်ခြင်း၊ ရွာသူရွာသားများကို အကြမ်းဖက်ခြင်း၊ အပြစ်မဲ့များကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းများ ပြုလုပ်နေသည့် အပြင်၊ ၂၀၁၂ ခုနှစ်ကဲ့သို့ လူမျိုးရေး ပဋိပက္ခပုံစံ အသွင် ဖန်တီးယူရန် အတင်းအဓမ္မ ကြိုးစားလျက် ရှိသည်။

ရိုက်နှက် ငွေညှစ်ခံရသူ အဘူဆယီဒ်

ပစ်သတ်ခံရသူ မုစ်တာခ်အာမတ်

Comment ရေးရန်

Rohingya Exodus