နောက်ဆုံးသတင်း/ဆောင်းပါးများ

အာဏာပိုင်များ၏ ခွင့်ပြုချက်မပါဘဲ လမ်းဖောက်လုပ်နေမှုကြောင့် ဒေသခံများ၏ လယ်မြေ ၁၀ ဧက ကျော်ဆုံးရှုံး ပျက်စီးလျက်ရှိ

MYARF
RB News
7.6.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း အောင်စစ်ပြင် ကျေးရွာအုပ်စု၊ ကြက်ကျိန်းရွာတွင် အာဏာပိုင်များ၏ ခွင့်ပြုချက်မပါဘဲ အများပိုင် လယ်ကွင်းပေါ်မှ ကားလမ်း အသစ်ဖောက်လုပ်နေခြင်းကြောင့် လယ်မြေ (၁၀) ဧကကျော် ပျက်စီးလျက်ရှိကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း - တောင်ပြို ကားလမ်းပေါ်မှ ကြက်ကျိန်းရွာ အ၀င်မှစ၍ မင်းကြီးရွာအထိ တစ်မိုင်ကျော်ခန့် ရှည်လျားသော ကားလမ်းဟောင်း အပိုင်းတစ်ခုရှိသည်။ အဆိုပါ ကားလမ်းပိုင်းသည် ရွာတွင်းလမ်းပိုင်း ဖြစ်နေသော်လည်း လမ်းထိပ်ပိုင်းရှိ ၀က်ကျိန်းဘုရားသို့ သွားလာရေး လွယ်ကူ ချောမောစေရန် အကျယ်ဆုံးနှင့် အကောင်းဆုံး ပြင်ဆင်ထားကြောင်း ဒေသခံများက ပြောပါသည်။

ယခုအခါ မင်းကြီးရွာမှ သစ်၊ ၀ါး ကိုယ်စားလှယ် သူဌေးကြီး ဦးဖိုးထွန်းက တာဝန်ခံ၍ အစပိုင်းတွင် လမ်းဟောင်းကို ကျောင်းခင်း ပြုပြင်မည်ဟု ဆိုသောကြောင့် ဘေးပတ်ဝန်းကျင် ရွာသားများက ၀မ်းသာအားရစွာဖြင့် ၀ိုင်းဝန်း ပြုပြင်ပေးခဲ့ရာ လမ်းတစ်ပိုင်း ရောက်သည်နှင့် မူလလမ်းဟောင်းမှ အရှေ့ဘက်သို့ ခွဲထွက်၍ အများပိုင် လယ်မြေပေါ်မှ ခွင့်ပြုချက်မပါဘဲ လမ်းသစ်ဖောက်လုပ်နေသောကြောင့် ၀ိုင်းဝန်းလုပ်အားပေးနေသည့် ရွာသားများလည်း စိတ်ပျက်၍ ဆက်လက် လုပ်အားမပေးတော့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဒေသခံများက မူလလမ်းဟောင်း ရှိနေသော်လည်း ကောက်ကျစ်သောစိတ်ဖြင့် ရိုဟင်ဂျာများ၏ အဖိုးတန် လယ်မြေများကို တမင်သက်သက် ဖျက်ဆီးခြင်း ဖြစ်သည်ဟု ဆိုသည်။ 

အဆိုပါ လမ်းသစ်ကို ဆက်လက် ဖောက်လုပ်နေလျှင် နွေ၊ မိုး နှစ်ရာသီစလုံး စပါးစိုက်နိုင်သော လယ်မြေ (၁၀) ဧကကျော် ဆုံးရှုံးသွားမည် ဖြစ်သဖြင့် လယ်ပိုင်ရှင်များက မြို့နယ်နှင့် ခရိုင်အုပ်ချုပ်ရေးမှူးများထံ ကန့်ကွက်စာ တင်ထားကြောင်း သိရှိရသည်။ 

ဦးဖိုးထွန်းက ငွေအင်အားနှင့် ရခိုင်တိုင်းရင်းသား ဆိုသော သြဇာကိုသုံး၍ ရွာသားများကို အကြမ်းဖက်သမားများဟု ဆိုကာ ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်၍ ဆက်လက် အလုပ်လုပ်ခိုင်းကြောင်း၊ လယ်ပိုင်ရှင်များက ကန့်ကွက်နေသည့်ကြားက မည်သူ့ကိုမှ ဂရုမစိုက်ဘဲ လယ်မြေများကို ဆက်လက် ဖျက်ဆီး၍ လမ်းဖောက်နေကြောင်း၊ အုပ်ချုပ်ရေး အာဏာပိုင်များကလည်း ရိုဟင်ဂျာများပိုင် လယ်မြေများ ဖြစ်သောကြောင့် အရေးမယူဘဲ ပစ်ထားကြောင်း၊ နောက်ဆုံးတွင် လူမှုရေး၊ လူမျိုးရေး၊ ဘာသာရေး ပြဿနာများ ဖန်တီးပေးရာ ရောက်မည်ဖြစ်သောကြောင့် အထက် အာဏာပိုင်များက အချိန်မှီ တားဆီးပေးရန် တောင်းဆိုကြောင်း ဒေသခံများက ပြောပါသည်။
လမ်းများ ဖောက်လုပ်နေသည့် ဓါတ်ပုံများ



Comment ရေးရန်

Rohingya Exodus