နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် စိမ်းညှင်းပြာမှ ဒေသခံများကို ဖမ်းဆီး၍ ငွေညှစ်၊ ညှဉ်းပန်းနှိပ်စက်၍ မဟုတ်မမှန် ၀န်ခံခိုင်း

MYARF
RB News
28.7.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးကိုယ်တိုင် ဦးဆောင်ကာ ရွာထဲသို့ ၀င်ရောက်၍ အပြစ်မဲ့ဒေသခံများကို ဖမ်းဆီးကာ ငွေညှစ်နေသည့် အပြင် ရွာသားများကို အကြမ်းဖက်သမားများ ဖြစ်လာအောင် ဖန်တီးနေကြောင်း သတင်းရရှိပါသည်။

ဇွန်လ (၂၅) ရက်နေ့တွင် ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးကိုယ်တိုင် ဦးဆောင်၍ ၎င်း၏ စခန်းမှ တပ်ဖွဲ့အချို့၊ လက်အောက်ခံ ကြားစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အတူ အင်အား ၂၀ ခန့်ပါဝင်သော အဖွဲ့သည် စိမ်းညှင်းပြာ ကျေးရွာအုပ်စု တောဂံရွာသို့ သွားရောက်၍ နေအိမ်အချို့ကို ဟန်ပြ စစ်ဆေးခဲ့သည်။

ထို့နောက် ရွာမှအပြန်လမ်းတွင် တွေ့ရှိသော လယ်သမားများ ဖြစ်ကြသည့် (၁) ဦးမာမတ်ကာဆိမ်း (အသက် ၆၀ နှစ်)၊ (၂) ဦးရှော်ဖီအာလောမ် (ဘ) ဦးမာမတ်ကာဆိမ်း (အသက် ၃၀ နှစ်)၊ (၃) ဦးမာမတ်ဆုလ်တာန် (ဘ) ဦးအေဇာရ်မျာ၊ (၄) ဦးအာမီးရ်ဟူစိန်း (ဘ) ဦးအေဇာရ်မျာ တို့ မိသားစုဝင် (၄) ဦးစလုံးကို ဖမ်းဆီးခဲ့သည်။ ၎င်းတို့ (၄) ဦးကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်းခွဲ ညှစ်ယူ၍ လွှတ်ပေးခဲ့ကြောင်း မျက်မြင်သက်သေများက RB News သို့ ပြောပါသည်။

ဇွန်လ (၂၀) ရက်နေ့ နံနက် ၉ နာရီခန့် အချိန်တွင် အဆိုပါရဲမှူးနှင့် အဖွဲ့တို့သည် စိမ်းညှင်းပြာ ရွာသို့ ရှောင်တခင် ၀င်ရောက်၍ အပြစ်မဲ့ဒေသခံများများ ဖြစ်ကြသည့် --

(၁) ဦးမိုဟာမတ်ဆာဒဲခ် (ဘ) ဦးဆွေတာမောက် (အသက် ၆၇ နှစ်)
(၂) ဦးမာမတ်တာဟဲရ် (ဘ) ဦးမာမတ်ဆိက် (အသက် ၃၁ နှစ်)
(၃) ဦးအီဗြာဟိမ်း (ဘ) ဦးအာမတ်ဟာရှိမ်း (အသက် ၃၀ နှစ်)
(၄) ဦးဇာဖောရ် (ဘ) ဦးဟာဆောင်းရှော်ရ်ရိဖ် (အသက် ၂၉ နှစ်)
(၅) ဦးအာဘူဆော်ယာဒ် (ဘ) ဦးဟာဆောင်းရှော်ရ်ရိဖ် (အသက် ၂၆ နှစ်) တို့ (၅) ဦးကို ဖမ်းဆီး၍ ညောင်ချောင်းစခန်းသို့ ခေါ်ဆောင်သွားကြောင်း၊ ယခုအခါ ၎င်းတို့ကို လက်သည်းများ၊ အရေပြားများကို ခွာခြင်း၊ လိင်အင်္ဂါများ မီးရှို့ခြင်း စသည့်လူမဆန်စွာ နှိပ်စက်မှုများ ပြုလုပ်ပြီးနောက် ၎င်းတို့၏ ရွာနှင့် ၃ မိုင်အကွာတွင် တွေ့ရှိခဲ့သည်ဟု ဆိုသော လိုဏ်ဂူနေရာ၏ ပိုင်ရှင်များအဖြစ် အတင်းအဓမ္မ ထွက်ဆိုခိုင်း၍ အမှုဖွင့် အရေးယူလျက်ရှိကြောင်း၊ ထိုကဲ့သို့ လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများ၏ စိတ်ဓါတ်များကို အစွန်းရောက်စေရန်၊ အကြမ်းဖက်စေရန် တွန်းအားပေးနေသကဲ့သို့ ဖြစ်နေကြောင်း ဒေသခံများက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus