နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြို မီးတိုက်တွင် နယ်ခြားစောင့်ရဲများက ယခင် န.စ.က ၀တ်စုံဟောင်းများ ၀တ်၍ ဒေသခံများကို ဖမ်းဆီး၍ ငွေညှစ်

MYARF
RB News
19.7.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ မီးတိုက်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ဒုရဲအုပ် အပါအ၀င် ယခင် န.စ.က ၀တ်စုံဟောင်းဝတ်ဆင်ထားသည့် ရဲတပ်ဖွဲ့ ၅ ဦး၊ မာရ်မာကြီးနှင့် ဒိုင်းနက်ရွာသား ၉ ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ရိုဟင်ဂျာလူမျိုးများ၏ နေအိမ်သို့ ညအချိန်တွင် ၀င်ရောက်၍ စစ်ဆေးသည့် ပုံစံဖြင့် အပြစ်မဲ့များကို ဖမ်းဆီး ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ဇူလိုင်လ (၁၅) ရက်နေ့ ည ၉း၃၀ နာရီခန့်အချိန်တွင် တောင်ပြိုလက်ဝဲမြို့ မီးတိုက်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်အပါအ၀င် ယခင် န.စ.က ၀တ်စုံဟောင်း ၀တ်ဆင်ထားသည့် ရဲတပ်ဖွဲ့ဝင် ၅ ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသာထွန်းမောင်၊ ရာအိမ်မှူး မောင်အေးသာ၊ ဒိုင်းနက်နှင့် မာရ်မာကြီးရွာသား ၈ ဦးတို့ပါဝင်သော အဖွဲ့သည် မီးတိုက်ကျေးရွာအုပ်စု ရဲအောင်ချောင်း ရိုဟင်ဂျာရွာရှိ ဦးအာမီးရ်ဟူစိန်း၏ နေအိမ်သို့ ၀င်ရောက်၍ ဧည့်စာရင်း စစ်ဆေးသည့် ပုံစံဖြင့် အိမ်ထောင်စုစာရင်း တောင်း၍ မိသားစုဝင်များကို ခေါ်ယူ စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရန် ခေါ်နေစဉ် လူငယ်တစ်ဦးဖြစ်သည့် ဇာဟိတ်အူလ္လာ (အသက် ၁၆ နှစ်) သည် အိမ်မောကျနေရာမှ ချက်ချင်းထမလာသဖြင့် ဒုရဲအုပ်နှင့် အဖွဲ့က ရိုက်နှက်၍ ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ထို့အပြင် ဦးအေရ်ဖာန် (ဘ) ဦးနူရ်မိုဟာမတ်၊ ဦးအာဖ်ဆောရ် (ဘ) ဦးအဒူရာမာန်နှင့် ဦးဘိုက်ထားယား (ဘ) ဦးဒီလူး တို့ (၃) ဦးကို ဖမ်းဆီး၍ ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက ဖြည့်စွက်ပြောပါသည်။ 

ဒုရဲအုပ်အပါအ၀င် နယ်ခြားစောင့်ရဲ ၅ ဦးတို့သည် ယခင် န.စ.က ၀တ်စုံဟောင်းများ ၀တ်ဆင်ထားပြီး စစ်ဆေးရန် အိမ်သို့ဝင်လာစဉ် အတူ ခေါ်ယူလာသည့် မာရ်မာကြီးနှင့် ဒိုင်းနက်ရွာသားများကို လမ်းထိပ်တွင် အရံအင်အား အဖြစ် ထားရှိခြင်းကို ကြည့်ခြင်းအားဖြင့် ၎င်းတို့သည် နယ်မြေမှ အရာရှိ၏ အမိန့်ဖြင့် လာရောက် စစ်ဆေးခြင်း မဟုတ်ဘဲ ငွေညှစ်ရန်အတွက် လျှို့ဝှက်လာရောက်ခြင်း ဖြစ်မည်ဟု ဒေသခံများက ဝေဖန် သုံးသပ်နေကြသည်။ 



Comment ရေးရန်

Rohingya Exodus