နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြို ၁ ရပ်ကွက် အခြေစိုက် နယ်ခြားစောင့်ရဲများနှင့် စစ်သားများက တောင်ပြိုလက်ယာမှ နေအိမ်များအတွင်း ၀င်ရောက် လုယက်

Rohingya Eye
RB News
12.7.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ အမှတ် (၁) ရပ်ကွက် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် စစ်တပ်ပူးပေါင်း၍ တောင်ပြိုလက်ယာ ကျေးရွာအုပ်စုတွင် လုယက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

တောင်ပြိုလက်ဝဲမြို့၊ အမှတ် (၁) ရပ်ကွက် အခြေစိုက် နယ်မြေ (၂) ရုံးမှ နယ်ခြားစောင့်ရဲများနှင့် စစ်သားများ ပူးပေါင်း၍ ဇူလိုင်လ (၁၁) ရက်နေ့ နံနက် ၄ နာရီ အချိန်တွင် တောင်ပြိုလက်ယာ ကျေးရွာအုပ်စု၊ အရှေ့ရွာကို  ၀န်းရံပိတ်ဆို့ခဲ့သည်။ ထို့နောက် နံနက် ၆ နာရီ အချိန်တွင် ရွာအတွင်း အိမ်များကို တစ်အိမ်တက်ဆင်း ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး သေတ္တာနှင့် ဘီရိုများ ဖျက်ဆီးခဲ့သည့် အပြင် စားသောက်ကုန်ပစ္စည်းများ လုယက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

နယ်ခြားစောင့်ရဲများနှင့် စစ်သားများသည် ၎င်းတို့တွင် ပါလာသည့် ဓါးချွန်များဖြင့် ရေလောင်းအိမ်သာများနှင့် ရေချိုးခန်းများမှ ပလတ်စတစ် အကာများကို ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

စားသောက်ကုန်ပစ္စည်းများ လုယက်ခံရသူ အချို့မှာ ဦးမော်ဂျီအုလ္လာ (အသက် ၃၀ နှစ်)၊ ဦးနူရူအာမီးန် (ဘ) ဦးအလီအာခ်ဘော်ရ် (အသက် ၅၀ နှစ်)၊ မော်လ၀ီဇာဖော်ရ် (ဘ) ဦးအလီအာခ်ဘောရ် (အသက် ၅၂ နှစ်) နှင့် ဦးဘာရှားမျာ (အသက် ၅၀ နှစ်) တို့ဖြစ်ကြသည်။

“သူတို့ စစ်ဆေးချင်တယ်ဆိုရင် အေးအေးချမ်းချမ်း စစ်ဆေးလို့ရပါလျက်နဲ့ ရွာသားတွေကို ထိတ်လန့်အောင် လုပ်ပြီး စစ်ဆေးနေတာ၊ လုယက်တာတွေက တမင်သက်သက် လာပြီး စော်ကားနေတာလို့ ခံစားရတယ်။ ဒီဒေသ တည်ငြိမ်အေးချမ်းမှုကို အမှန်တကယ် လိုလားတယ်ဆိုရင် သူတို့ရဲ့ အမူအကျင့်တွေကို ရပ်တန့် ပေးဖို့ လိုပါမယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။



Comment ရေးရန်

Rohingya Exodus