နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော ဂေါ်ဒူသာရတွင် စစ်သားများ၏ ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ လူငယ်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ

Rohingya Eye
RB News
24.7.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရကျေးရွာအုပ်စုတွင် စစ်သားများ၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ဆန်သယ်သူ ရိုဟင်ဂျာလူငယ်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဇူလိုင်လ (၂၂) ရက်နေ့ ညနေ ၅ နာရီခန့် အချိန်တွင် ဘူးသီးတောင်မြို့နယ်မှ ဆန်ကုန်သည် ရခိုင်လူမျိုး တစ်ဦးက ဆန်များကားဖြင့် သယ်ဆောင်လာပြီး ၎င်း၏ ဖောက်သည်ဖြစ်သူ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရကျေးရွာအုပ်စု အရှေ့ရွာ၏ အနောက်ဘက်ရှိ ဆန်ဆိုင်တွင် ရောင်းချရန် ဆန်အိတ်များကို ကွန်ကရစ်လမ်းတစ်ဖက်တွင် ချထားခဲ့သည်။ ဆိုင်ရှင်ဖြစ်သူက ဆန်သယ်သည့် အလုပ်သမားများ ငှားရမ်း၍ ဆန်အိတ်များကို ဆန်အတွင်းသို့ သယ်ဆောင်နေစဉ် စစ်သားများ ရောက်ရှိလာပြီး ဆန်အိတ်များကို သိမ်းယူရန် ကြိုးစားသော်လည်း ဆန်အိတ်များ သယ်ဆောင်လာသူမှာ ရခိုင်လူမျိုး ဖြစ်၍ သိမ်းယူနိုင်ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။ 

စစ်သားများရောက်ရှိနေချိန်တွင် အနီးအနားမှ ရွာသားများ ၀ိုင်းဝန်းကြည့်ရှုနေသဖြင့် ဆန်သယ်သည့် အလုပ်သမားတစ်ဦး ဖြစ်သူ အာဇီးဇ်ခါန် (ဘ) ဦးအာဘူဆီဒိခ် (အသက် ၁၉ နှစ်) က ၀ိုင်းဝန်းကြည့်ရှုနေသူများကို မကြည့်ရန်နှင့် မိမိတို့၏ နေရာသို့ ပြန်သွားရန် ပြောဆိုခဲ့ရာ၊ စစ်သားများက “ဘာပြောတာလဲ” ဟု မေးပြီးသည်နှင့် တပြိုင်နက် သေနတ်ဖြင့် အာဇီးဇ်ခါန်၏ ခြေထောက်ကို ပစ်ခတ်ခဲ့ခြင်းကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ကြောင်း မျက်မြင်သက်သေများက RB News သို့ပြောပါသည်။ 

ထိုသို့ ပစ်ခတ်ပြီး ခဏအကြာတွင် ကျေးရွာအုပ်ချုပ်ရေး တာဝန်ခံ ဦးဆွေယာဒ်ဟူဆောင်းနှင့် အုပ်ချုပ်ရေးမှူး ဦးတင်ကျော်တို့ ရောက်ရှိလာပြီး ကံဘူးကျေးရွာ အခြေစိုက် တပ်ရင်းမှ တပ်ရင်းမှူးကို အကြောင်းကြားခဲ့ရာ၊ တပ်ရင်းမှူး ရောက်ရှိလာပြီး အခင်းဖြစ်စဉ်ကို လေ့လာခဲ့သည်။

ထို့နောက် တပ်ရင်းမှူးက အကြောင်းကြားခဲ့သူ နှစ်ဦးထံမှ “မတော်တဆ ထိမှန်ခြင်း ဖြစ်ကြောင်း၊ မည်သည့် ဌာနဆိုင်ရာကိုမှ အကြောင်းကြားမည် မဟုတ်ကြောင်း” ခံဝန် လက်မှတ်ယူ၍ ဒဏ်ရာရရှိသွားသူ အာဇီးဇ်ခါန်ကို ဆေးကုသပေးလျက် ရှိကြောင်း သိရှိရသည်။ 

ဇူလိုင်လ (၁၅) ရက်နေ့မှစ၍ မောင်တောမြို့နယ် တောင်ပိုင်းရှိ ရိုဟင်ဂျာများထံ ဆန်တင်ပို့ခြင်းကို စစ်သားများက ပိတ်ပင်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။ ဆန်တစ်အိတ်ထက် အပိုသယ်ဆောင်ခြင်းကို တင်းကြပ်စွာ တားမြစ်ထားသည်ဟု သိရှိရသည်။ 

ဆန်ဆိုင်ပိုင်ရှင်မှာ ဦးနူရ်အာမီးန် ဖြစ်ပြီး မြို့မကညင်တန်းဈေးမှ ဆန်များဝယ်ယူ၍ ကားဖြင့် သယ်ဆောင်နေစဉ် စစ်သားများ တားမြစ်ခြင်းကို ခံခဲ့ရပြီးနောက် ရခိုင်လူမျိုး ဆန်ကုန်သည်ထံမှ ဆန်မှာယူ၍ ၀ယ်သည့်အခါ စစ်သားများက ဆန်ရောင်းချသူသည် ရခိုင်လူမျိုးဖြစ်နေသောကြောင့် ဘာမှ မလုပ်နိုင်၍ တမင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။ 



Comment ရေးရန်

Rohingya Exodus