နောက်ဆုံးသတင်း/ဆောင်းပါးများ

အစိုးရလက်နက်ကိုင် အဖွဲ့များက ကျောထောက်နောက်ခံပြုထားသည့် အစွန်းရောက်များက ရိုဟင်ဂျာ (၃) ဦးကို သတ်ဖြတ်

MYARF
RB News
1.8.2017

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အထက်နန်းရာကျေးရွာအုပ်စု၊ ချွတ်ပြင်ရွာမှ သားအဖ (၃) ဦးကို အစိုးရလက်နက်ကိုင်အဖွဲ့များက ကျောထောက်နောက်ခံပြုထားသည့် အစွန်းရောက်များက ရက်ရက်စက်စက် ဓါးဖြင့်ထိုး၍ သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရသေ့တောင်မြို့နယ်၊ အထက်နန်းရာကျေးရွာအုပ်စု ချွတ်ပြင် ရိုဟင်ဂျာရွာကို ဇူလိုင်လ (၃၀) ရက်နေ့ နယ်ခြားစောင့်ရဲများ၊ စစ်သားများနှင့် ရခိုင်၊ သက်၊ ဒိုင်းနက် လူမျိုး (၇၀၀) ကျော်တို့က ၀န်းရံပိတ်ဆို့ပြီး ဆော်လီမူလ္လာနှင့် အေနာယာဒ်အုလ္လာ တို့ကို ရွာသူရွာသားများရှေ့မှောက်တွင် လူမဆန်စွာ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ပြီးနောက် အိတ်များစွတ်ကာ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ ၎င်းတို့အား မည်သည့်နေရာတွင် ထားရှိသည်ကို မသိရှိရတော့ကြောင်း ဒေသခံရွာသားများက RB News သို့ပြောပါသည်။ 

ထို့အပြင် ချွတ်ပြင် သက်ရွာ၏ အနောက်ဘက် တောင်ခြေရင်းရှိ လယ်ကွင်းတွင် လယ်လုပ်နေသည့် သားအဖ (၃) ဦး ဖြစ်ကြသော ဦးအီမာန်ဟူစိန်း၊ နူရူလ်ဟာကိမ်း (အသက် ၂၂ နှစ်) နှင့် နူရ်အာလောမ် (အသက် ၁၈ နှစ်) တို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး စေတီပြင် ချောင်းဖျားတွင် ရက်ရက်စက်စက် သတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ပြောပါသည်။

အစိုးရလက်နက်ကိုင် အဖွဲ့များက ကျောထောက်နောက်ခံပေးထားသည့် ရခိုင်၊ သက်၊ ဒိုင်းနက် လူမျိုးများက သားအဖ (၃) ဦးကို သတ်ဖြတ်ပြီးနောက် အလောင်းများကို ချွတ်ပြင် သက်ရွာအနီးရှိ ချောင်တစ်နေရာတွင် ထားရှိခဲ့သည်။ ဦးအီမာန်ဟူစိန်း၏ သားကြီးဖြစ်သူ နူရူလ်ဟာကိမ်း၏ ခေါင်းကို ရက်ရက်စက်စက် ဖြတ်၍ သတ်ဖြတ်ခဲ့ပြီး၊ ခေါင်းကို ယူသွားကြောင်း၊ ဖခင် ဦးအီမာန်ဟူစိန်းနှင့် သားငယ်ဖြစ်သူ နူရ်အာလောမ် တို့ကို ဓါးများဖြင့် ရက်ရက်စက်စက် ထိုးသတ်ထားသည့် အပြင် လည်ပင်းလှီးထားသည့် ဒဏ်ရာများလည်း တွေ့ရှိရသည်ဟု အလောင်းများကို ရှာတွေ့ခဲ့သည့် ဒေသခံများက ပြောပါသည်။ 

အလောင်းများကို ရွာသားများက ရှာတွေ့သည့်အခါ သယ်ယူသွားရန် ကြိုးစားသော်လည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ကျော်ကျော်နှင့် အဖွဲ့က သယ်ခွင့်မပေးဘဲ သေနတ်ဖြင့် ခြိမ်းခြောက်၍ ရွာသားများကို ပြန်လွှတ်လိုက်ကြောင်း သိရှိရသည်။

အလောင်းများကို တွေ့ရှိသည့်နေရာမှ သယ်ခွင့်မပေးခြင်းသည် အသတ်ခံရသူများကို ရိုဟင်ဂျာများက အချင်းချင်း သတ်ဖြတ်သည်ဟု လုပ်ကြံဖန်တီးရန် ဖြစ်ပြီး၊ တရားခံအစစ်များဖြစ်သည့် ရခိုင်၊ သက်၊ ဒိုင်းနက် လူမျိုး (၇၀၀) ကျော်တို့ ကျူးလွန်သော ရာဇ၀တ်မှုများကို ကာကွယ်ပေးရန် ဖြစ်ကြောင်း၊ ထို့အပြင် စစ်သားများက ကျောပိုးအိတ်များ၊ ဒန်အိုးဒန်ခွက်များ၊ အိပ်ရာများကို ဓါတ်ပုံရိုက်၍ အကြမ်းဖက်သမားများထံမှ တွေ့ရှိသည်ဟု လုပ်ကြံဇတ်များ ပြုလုပ်ရန် စီစဉ်နေသည်ဟု သတင်းများ ကြားသိရကြောင်း ဒေသခံများက ပြောပါသည်။ 



Comment ရေးရန်

Rohingya Exodus