နောက်ဆုံးသတင်း/ဆောင်းပါးများ

ကုလအရာရှိများ၊ သံတမန်များကို အင်္ဂလိပ်ဘာသာစကားဖြင့် ပြောသည့် ရိုဟင်ဂျာတစ်ဦးကို လိုက်လံဖမ်းဆီးနေခြင်းကြောင့် တိမ်းရှောင်နေရ

MYARF
RB News
2.10.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ် များသို့ ကုလသမဂ္ဂမှ အရာရှိများ၊ သံတမန်များကို အစိုးရ အစီအစဉ်ဖြင့် သွားရောက်လေ့လာခွင့် ပြုခဲ့ရာ အင်္ဂလိပ်ဘာသာစကားဖြင့် ပြောဆိုသည့် ရိုဟင်ဂျာတစ်ဦးကို နယ်ခြားစောင့်ရဲများက လိုက်လံ ဖမ်းဆီးနေခြင်းကြောင့် တိမ်းရှောင်နေရသည်။

ကုလသမဂ္ဂ အရာရှိများ၊ သံတမန်များသည် မောင်တောမြို့နယ် ပန်းတောပြင် ရွာသို့ နှစ်သုတ်ခွဲ၍ ယနေ့ အောက်တိုဘာလ (၂) ရက်နေ့ နေ့လည် ၁၂ နာရီခွဲတွင် တစ်သုတ်၊ နာရီဝက်​အကြာခန့်တွင် တစ်သုတ်ခွဲ၍ ရောက်ရှိလာခဲ့သည်။

အာဏာပိုင်များက ယခင်ကတည်းက အကျပ်ကိုင်ထားပြီး၊ သင်ထားပေးသည့် ဒေသခံများနှင့် တွေ့ဆုံပေးခဲ့ပြီး၊ အဓိကအားဖြင့် ကျေးရွာ ယာယီတာဝန်ခံ ဦးအဏ္ဏ၀ါရ်နှင့် အဖွဲ့အား တွေ့ဆုံပေးခဲ့သည်။

“အဓိကတော့ ယာယီတာဝန်ခံနဲ့ အဖွဲ့ကို တွေ့ပေးတယ်။ ဒီရွာမှာ လူတွေ အေးအေးချမ်းချမ်း နေနိုင်ခဲ့တယ်။ အစိုးရက စောင့်ရှောက်ပေးတယ်။ အမြဲပဲ လာကူညီနေတယ် စသည်ဖြင့် ပြောခိုင်းတယ်။ အာဏာပိုင်တွေကလည်း သံတမန်တွေ အနားက မခွာတော့ အစိုးရအလိုကျ ပြောလိုက်ရတယ်။” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ထိုသို့တွေ့ဆုံစဉ် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်သည့် ဒေသခံရိုဟင်ဂျာတစ်ဦးက ကြားဝင်၍ အခြေအနေမှန်ကို အင်္ဂလိပ်ဘာသာစကားဖြင့် ရှင်းပြခဲ့သည်။ ၎င်းက ၎င်း၏ အိမ်ကိုလည်း အာဏာပိုင်များနှင့် ရခိုင်များက မီးရှို့ခဲ့ကြောင်း အကျယ်တ၀န့်ရှင်းပြခဲ့သည်။

ကုလသမဂ္ဂ အရာရှိများ၊ သံတမန်များ ပြန်လည် ထွက်ခွာသွားသည်နှင့် အာဏာပိုင်များက ၎င်းအား အပူတပြင်း လိုက်လံရှာဖွေနေကြောင်း၊ အင်္ဂလိပ်ဘာသာစကားဖြင့် ပြောဆိုခဲ့သူလည်း ၎င်းအား ဖမ်းဆီးတော့မည်ကို သိရှိ၍ ချက်ချင်းဆိုသလို တိမ်းရှောင်သွားခဲ့ကြောင်း၊ ညနေ ၅ နာရီခွဲ အချိန်တွင် မန်ကျည်းချောင်း ရဲမှူးက နယ်ခြားစောင့်ရဲ နှစ်ဦးကို ကျေးရွာယာယီတာဝန်ခံအား စစ်ဆေးရန် သွားရောက် ခေါ်ခိုင်းခဲ့သည်။ ယာယီတာဝန်ခံက နယ်ခြားစောင့်ရဲ နှစ်ဦးနှင့် သွားမည် ဟန်ပြုပြီးမှ ထွက်ပြေးသွားခဲ့သည်။

ထို့နောက် ပန်းတောပြင်နှင့် အနီးဝန်းကျင် ကျေးရွာများရှိ စစ်တပ်မှ တာဝန်ခံ တပ်ရင်းမှူးကို ဖုန်းခေါ်၍ အကြောင်းစုံ တင်ပြခဲ့ရာ တပ်ရင်းမှူးက “အင်္ဂလိပ်လို ပြောတဲ့လူက အစိုးရကို မဟုတ်မမှန် စွပ်စွဲတယ်။ သူက အကြမ်းဖက်သမားပဲ။ သူ့လိုလူကြောင့် အစိုးရ သိက္ခာကျတယ်” ဟု ပြောဆိုခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပန်းတောပြင်ရွာသားများသည် မန်​ကျည်း​ချောင်း နယ်​ခြား​စောင့်​စခန်းမှ ရဲမှူး၏ လိုက်လံရှာဖွေခြင်း၊ ပြောဆိုမှုများကြောင့် ကြောက်လန့်လျက် ရှိပြီး တစ်ဖက်နိုင်ငံသို့ ထွက်ပြေးရန် စီစဉ်လျက်ရှိကြောင်း ဒေသခံများက ပြောပါသည်။



ဓါတ်ပုံ - MOI


Comment ရေးရန်

Rohingya Exodus