နောက်ဆုံးသတင်း/ဆောင်းပါးများ

ဝမ်းစာအတွက် ရုန်းကန်နေကြသည့် ရိုဟင်ဂျာ ၁၉ ဦးကို နယ်ခြားစောင့်ရဲများနှင့် စစ်သားများက ဖမ်းဆီး၊ ရိုဟင်ဂျာနေအိမ် ၁၅ လုံး မီးရှို့ခံရ

MYARF
RB News
11.11.2017

မောင်​​တော ။ ။ ရခိုင်​ပြည်​နယ်​၊ ​မောင်​​တောမြို့နယ် ငေ်​ပိုင်း၊ ဒု​ညောင်​ပင်​ကြီး ကျေးရွာအနီးအနားတွင်​ ​စပါး​ရိတ်​သိမ်း​နေသူများနှင့် ငါးဖမ်း​နေသူများ စုစုပေါင်း ဒေသခံရိုဟင်​ဂျာ ၁၉ ဦးကို နယ်​ခြား​စောင့်​ရဲများနှင့် စစ်သားများ ပူးပေါင်း၍ ဝန်းရံပြီး ဖမ်းဆီးခဲ့​ကြောင်း သတင်းရရှိပါသည်​။

နိုဝင်​ဘာလ ၁၁ ရက်​​နေ့၊ နံနက်​ ၉ နာရီခန့်​အချိန်​တွင်​ နယ်​ခြား​စောင့်​ရဲတပ်ဖွဲ့နှင့်​ စစ်​တပ်​ ပူး​ပေါင်းအဖွဲ့သည်​ ဒု​ညောင်​ပင်​ကြီး​ကျေးရွာအနီးအနား စပါးခင်း၌ ​စပါးရိတ်​သိမ်း​နေ​သူများနှင့်​ ၎င်း​ကျေးရွာအနီး၌ ရှိ​သော ပုဇွန်​ကန်​တွင်​ ငါးဖမ်း​နေသူများကို အင်​အားအလုံးအရင်းဖြင့်​ ဝန်းရံပိတ်​ဆို့ကာ ဖမ်းဆီးလိုက်​ခြင်းဖြစ်​ပါသည်​။ စုစု​ပေါင်း ၂၆ ဦး ဖမ်းဆီးခဲ့ပြီး ၁၁ နာရီအချိန်​ခန့်​တွင်​ မကျီး​ချောင်းစခန်းမှ ရဲမှူး​ရောက်​ရှိလာကာ ဖမ်းဆီးထားသူ ၂၆ ဦးမှ အသက်​အရွယ်​ကြီးသူ ၇ ဦးကို လွှတ်​​ပေးလိုက်​ပြီး ကျန်​လူများကို ကား​ပေါ်တင်​ကာ ​ခေါ်​ဆောင်​သွားသည်။ မည်​သည့်​အ​ကြောင်းပြချက်​မှ ပြောဆိုခြင်းမရှိဘဲ ဖမ်းဆီး​ခေါ်​ဆောင်​သွားခြင်း ဖြစ်​သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

ဖမ်းဆီးခံရသူများသည်​ အများအားဖြင့်​ ဒု​ညောင်​ပင်​ကြီး​ကျေးရွာမှ ဖြစ်​ပြီး အချို့မှာမူ အိမ်​မီးရှို့ခံရ၍ ဘင်္ဂလား​ဒေရှ့်​နိုင်​ငံသို့ ထွက်ပြေးခိုလှုံခြင်းမပြုလုပ်ဘဲ ဒု​ညောင်​ပင်​ကြီး​ကျေးရွာသို့ ​လာ​ရောက်​ခိုလှုံ​နေသူများ ဖြစ်​ကြသည်။ ​ဒု​ညောင်​ပင်​ကြီး​ကျေးရွာသည်​ ​မောင်​​တော ​တောင်​ပိုင်းတွင်​ ရိုဟင်​ဂျာ​ကျေးရွာ​ပေါင်း ၂၄ ရွာ ရှိသည့်​အနက်​ ရွာလုံးကျွတ်​ထွက်​မ​ပြေးဘဲ ကျန်​ရစ်​​နေသည့်​ ၄ ရွာထဲက ​ကျေးရွာတစ်​ရွာဖြစ်​သည်​။
မကျီး​ချောင်းစခန်းမှ ရဲမှူး​​ရောက်​ရှိမလာခင်​အချိန်​တွင်​ ဒုချီးရားတန်း​ကျေးရွာ၊ အ​နောက်​အုပ်​စုရှိ ​နေအိမ်​အနည်းဆုံး ၇ အိမ်​ကို အဆိုပါ ပူး​ပေါင်းအဖွဲ့က မီးရှို့ခဲ့​ပြီး ဖမ်းဆီးထားသူများကို ၎င်းမီး​လောင်​​နေ​သော အိမ်​​ရှေ့​မှောက်​တွင်​ ရပ်​ခိုင်းကာ ​ဗီဒီယိုမှတ်​တမ်း ရိုက်​ခဲ့သည်​။
ထို့အပြင်​ ည​နေ ၄ နာရီခန့်​အချိန်​တွင်​ ပ​ညောင်​ပင်​ကြီး​ကျေးရွာအုပ်​စု၊ ​ဘော​ဒ္ဒေါ်ရွာတွင်​ ရိုဟင်​ဂျာ​နေအိမ်​ အနည်းဆုံး ၈ အိမ်​ကို အဆိုပါ ပူး​ပေါင်းအဖွဲ့က မီးရှို့​ခဲ့သည်​။ ထို့အပြင်​ ပုဇွန်​ကန်​ရှိ တဲများကိုလည်း ဖျက်​ဆီးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

မောင်​​တောမြို့နယ်​တွင်​ ရိုဟင်​ဂျာ​ကျေးရွာ​ပေါင်း ၁၀၀ ​ကျော်​ရှိရာ ယခုအခါ လူ​နေသည့်​​ကျေးရွာမှာ ၁၅ ရွာ​လောက်​ ကျန်ရှိနေသည်။

နိုဝင်​ဘာလ ၇ ရက်​​နေ့တွင်​လည်း နယ်​ခြား​စောင့်​ရဲတပ်​ဖွဲ့နှင့်​ စစ်​တပ်​တို့ပူး​ပေါင်း၍ ​မောင်​​တောမြို့နယ် မြောက်ပိုင်း သီဟိုဠ်​ကျွန်းအုပ်​စု ဟာဘီရွာမှ ဒေသခံ ရိုဟင်ဂျာ ၃၈ ဦးကို ရွာဝိုင်းပြီး အစည်းအ​ဝေး ​ခေါ်ကာ ဖမ်းဆီးခဲ့သည်​။ ယခုတစ်ပတ်အတွင်း အပြစ်မဲ့ ရိုဟင်ဂျာ ၆၀ ကျော် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
မောင်​​တောခရိုင်​၏ လူ့အခွင့်​အ​ရေး ​စောင့်​ကြည့်​​လေ့လာ​ရေးအဖွဲ့တာဝန်​ခံ ဦးမျိုးမြင့်​ထံမှ ​မောင်​​တော အ​ခြေအ​နေကို ​မေးမြန်းကြည့်​ရာ ၎င်းက -
"ဒီသီတင်းပတ်​အတွင်းမှာကို လူ​ပေါင်း ၆၀ နီးပါး ဖမ်းဆီးလိုက်​တာ။ သူတို့က ဖမ်းတယ်​ဆိုတဲ့အခါလည်း ဘာအ​ကြောင်းပြချက်​မှ မ​ပေးဘူး​ဗျာ။ အရင်​ဆုံး ရသမျှ ဖမ်းတယ်​။ အဲ့ဒီထဲက​နေ သူတို့စိတ်​ကြိုက်​ ​ရွေးချယ်​ပြီး ​ခေါ်​ဆောင်​သွားတယ်​။ ဘယ်​သူကမှ သူတို့ကို ​မေးမြန်းကြည့်​ခွင့်​လည်းမရှိဘူး။ ဖမ်းဆီးသွားတဲ့ လူ​တွေနဲ့လည်း မိသားစုဝင်​​တွေ သွား​တွေ့ခွင့်​မရဘူး။ ဒီဟာ​တွေက တကယ်​ကို တရားဥပ​ဒေမဲ့ ထင်​ရာစိုင်း​နေတာ​ဗျာ။ ဒီလို ​တွေ့ရာလူကို ဖမ်း​နေတာ အ​ကြောင်းနှစ်​ခုရှိမယ်​ထင်​တယ်​။ ဖိအား​​ပေး​​နေတဲ့ နိုင်ငံတကာကို အာခံပြီး လုပ်​ပြတာရယ်​၊ ကျန်​ရစ်​​နေတဲ့လူ​တွေကို ထွက်​သွားဖို့ တမင်​လုပ်​ပြ​နေတာရယ်​ ဖြစ်​မယ်​။ တစ်​ဖက်​က NVC နဲ့လည်း လူ​တွေကို အမျိုးမျိုး ဖိအား​ပေး​နေတယ်​။ ဆို​တော့ လူ​တွေက အားကိုးစရာမဲ့​နေပြီး ထွက်​သွားဖို့ ပြန်​ပြီး ပြင်​ဆင်​​နေတာ​တွေ ရှိ​နေတယ်​ပေါ့​လေ" ဟု ပြောပါသည်။

စစ်တပ်​မှ ဆေးကုသ​ရေးအဖွဲ့တစ်​ဖွဲ့သည်​​​ ဟာဘီရွာသို့ ​ယနေ့ ရောက်​ရှိလာ​သော်​လည်း အစပိုင်းတွင် ကျေးရွာမှာ ဒေသခံများ ​ကြောက်​ရွံ့၍ အ​တွေ့မခံခဲ့​သော်​လည်း ​နောက်​ပိုင်းတွင်​ သက်​ကြီးရွယ်​အိုအချို့ သွားရောက်​တွေ့ဆုံခဲ့သည်​။ ၎င်းတို့ကို ​ဆေးကုသ​ပေးခဲ့သည့်​အပြင်​ ဆန်​အိတ်​ ၁၅ အိတ်​လည်း ​ထောက်​ပံ့​ပေးခဲ့သည်​ဟု သိရသည်​။

"တစ်​ဖက်​က လူ​တွေ အများကြီးဖမ်းသွားတယ်​။ ​နောက်​တစ်​ဖက်​က ​ဆေးကုသ​ပေးဖို့အသွင်​နဲ့ သူ​တော်​​ကောင်းလာလုပ်​ပြ​နေတဲ့ သ​ဘောပါပဲ။ သူတို့ယူလာတဲ့ ဆန်​က ရိုဟင်​ဂျာ​တွေရဲ့ ​နေအိမ်​​တွေက​နေ လုယက်​သွားတဲ့ ဆန်​​တွေဆိုတာ သိသာ​နေတယ်​" ဆိုပြီး ဦးမျိုးဝင်းက ဖြည့်​စွက်​​ပြောပါသည်။


(ဓါတ်ပုံ - Reuters)

Comment ရေးရန်

Rohingya Exodus