နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ဖရုံချောင်း၊ ဒိုးတန်း (၁) ရွာမှ ဒေသခံတစ်ဦး အသတ်ခံရဟု ယုံကြည်ရ

RB News
22.12.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဖရုံချောင်းကျေးရွာအုပ်စု၊ ဒိုးတန်း (၁) ရွာမှ အသက် (၅၅) နှစ် အရွယ် ဒေသခံတစ်ဦးကို ဆွဲကြိုးချသေသည့် အသွင်ဖြင့် တွေ့ရသော်လည်း အသတ်ခံရသည်ဟု ယုံကြည်ရကြောင်း ဒေသခံများက ပြောပါသည်။

ဘူးသီးတောင်မြို့နယ် ဖရုံချောင်းကျေးရွာအုပ်စု၊ ဒိုးတန်း (၁) ရွာမှ ဒေသခံတစ်ဦးဖြစ်သူ ဦးအီဗရာဟီးမ် (ဘ) ဦးလာလ်မျာ (အသက် ၅၅ နှစ်) ၏ ရုပ်အလောင်းကို ဆွဲကြိုးချသေသည့် အသွင်ဖြင့် ယနေ့ ဒီဇင်ဘာလ (၂၂) ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် ၎င်း၏ ဆိုင်ရှေ့တွင် တွေ့ရှိခဲ့သော်လည်း အသတ်ခံရသည်ဟု ယုံကြည်ရကြောင်း ဒေသခံများက ဆိုသည်။

“မနက် ၅ နာရီခွဲလောက်မှာ ဦးအီဗရာဟီးမ်ရဲ့ ညီ ဦးဘိုဒီအာလာမ်က ဗလီမှာ ၀တ်ပြုဖို့ သွားနေတဲ့အချိန်မှာ ဦးအီဗရာဟီးမ်ရဲ့ အလောင်းကို ဆွဲကြိုးချ သေနေတဲ့ ပုံစံနဲ့ တွေ့တာပါ။ နွားချည်တဲ့ ကြိုးနဲ့ ချိတ်ထားတာ တွေ့တယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

ဦးအီဗရာဟီးမ်သည် ဒီဇင်ဘာလ (၂၁) ရက်နေ့ ည ၁၂ နာရီခန့်အချိန်တွင် အစ်ကိုဖြစ်သူ ဦးအစ္စမိုင်လ်၏ နေအိမ်တွင် ထမင်းစားပြီးနောက် ထွက်ခွာသွားခဲ့ပြီး၊ နံနက် ၅ နာရီခွဲ အချိန်တွင် ၎င်း၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး၊ ဦးအစ္စမိုင်လ်၏ နေအိမ်နှင့် ၎င်း၏ ဆိုင်သည် တစ်ဖာလုံခန့်သာ ဝေးကွာသည့် နေရာတွင် ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

မည်သူမည်ဝါ သတ်သည်ကို မမြင်တွေ့သော်လည်း ၎င်းအား သတ်ဖြတ်ပြီးမှ ဆိုင်ရှေ့တွင် နွားချည်သည့် ကြိုးဖြင့် ချိတ်ဆွဲ၍ ဆွဲကြိုးချသေသည့် ပုံစံဖြစ်အောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက် မရှိပေမယ့်လည်း ကျွန်တော် သုံးသပ်ကြည့်သလောက်ကတော့ သူ့အစ်ကို အိမ်ကနေ အပြန်လမ်းမှာ အသတ်ခံရတာ ဖြစ်မယ်။ လည်ပင်းညှစ်သတ်တာ ဖြစ်ဖို့ သေချာတယ်။ သူ့ရဲ့ ခန္ဓာကိုယ်မှာ သဲတွေ၊ လည်ပင်းနဲ့ နားမှာ သဲတွေ၊ မြက်နည်းနည်းပါးပါး တွေ့ရတယ်။ လမ်းမှာသူ့ကို လည်ပင်းညှစ်သတ်တာမှာ ပေကျံခဲ့တာတွေ ဖြစ်မယ်။ ပြီးမှ ဆိုင်ရှေ့ကို သယ်လာပြီး ဆွဲကြိုးချပြီး သေသလိုလို လုပ်လိုက်တာ ဖြစ်နိုင်တယ်” ဟု ဦးအီဗရာဟီးမ်၏ ရုပ်အလောင်းကို ချိတ်ဆွဲထားစဉ် တွေ့ရှိသူက သုံးသပ်ပြောဆိုသည်။

ဒိုးတန်း (၁) ရွာ၏ အနီးအနားတွင် ကံ့ကော်မြိုင် န.တ.လ ရွာရှိပြီး န.တ.လ ရွာသားများသည် ဒိုးတန်း (၁) ရွာသို့ မကြာခဏ ၀င်ရောက်၍ ဖားရှာလေ့ရှိသည်ဟု ၎င်းကဆိုသည်။ ယမန်နေ့ညက ရွာထဲသို့ န.တ.လ ရွာသားများ ၀င်ရောက်သည်ကို တွေ့ရှိသူ မရှိသောကြောင့် စွပ်စွဲရန် ခက်ခဲနေသော်လည်း အာဏာပိုင်များက စုံစမ်းရန် လိုအပ်သည်ဟု မှတ်ချက်ပေး ပြောဆိုသည်။

ဦးအီဗရာဟီးမ်သည် စားကုန်ဆိုင်ငယ်လေး ဖွင့်လှစ်၍ ရောင်းချနေသော်လည်း သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် ဆိုင်ကို ပိတ်ထားခဲ့ပြီး ယမန်နေ့က ငွေကျပ် တစ်သိန်းဖိုးခန့် ကုန်ပစ္စည်းများ ၀ယ်၍ ဆိုင်ကို ပြန်လည် ဖွင့်လှစ်ရန် စီစဉ်လျက် ရှိကြောင်း၊ ယခင်က လယ်မြေများ ပိုင်ဆိုင်ခဲ့သော်လည်း အများစုမှာ န.တ.လ ရွာအတွက် သိမ်းဆည်းခံခဲ့ရပြီး၊ လက်ကျန် လယ်မြေများ၊ ကျွဲ၊ နွား အနည်းငယ် ဖြင့် အေးချမ်းစွာ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေပြီး၊ ဘာသာရေးကိုင်းရှိုင်း၍ အများကြည်ညို လေးစားခံရသူလည်း ဖြစ်သည်။

ဦးအီဗရာဟီးမ်၏ ရုပ်အလောင်း

Comment ရေးရန်

Rohingya Exodus